10/06/2023
သောမတ်စ်အယ်ဒီဆင်ဟာ ကျောင်းစနေလို့ တစ်လအကြာ တစ်ရက်မှာ ကျောင်းက ပြန်လာတော့ ဆရာမပေးလိုက်တဲ့ စာအိတ်တစ်ခုကို သူ့အမေကို ပြလိုက်တယ်။ သူက ငယ်သေးတော့ စာမဖတ်တတ်သေးဘူး။ အမေဟာ စာအိတ်ကို ဖွင့်ဖတ်လိုက်တယ်။
ပြီးတော့ အယ်ဒီဆင်ကြားအောင် စာကို အော်ပြီး ဖတ်ပြလိုက်တယ်။–
“အမရဲ့ သားဟာ အလွန်ဉာဏ်ထက်မြက်ပြီး ပါရမီရှင်တစ်ယောက် ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းမှာ သူ့လောက်တော်တဲ့ ဆရာ ဆရာမတွေ မရှိကြလို့ အမပဲ သူ့ကို စာသင်ပေးလိုက်ပါနော်”
အဲဒီအချိန်ကစပြီး သူ့ကို အမေက အိမ်မှာပဲ စာသင်ပေးပါတယ်။ နှစ်ပေါင်းများစွာ ကြာတော့ သူ့အမေ ကွယ်လွန်သွားတယ်။ မကြာခင်မှာပဲ အယ်ဒီဆင်ဟာ ကမ္ဘာပေါ်မှာ ထင်ရှားအောင်မြင်တဲ့ တီထွင်သူ သိပ္ပံပညာရှင်ကြီးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
တစ်ရက်မှာ သူဟာ သူ့အမေရဲ့ ပစ္စည်းတွေ ထည့်ထားတဲ့ သေတ္တာတစ်လုံးကို ဖွင့်ပြီး ဘာတွေ ရှိသလဲဆိုတာ ကြည့်လိုက်တယ်။
အဝတ်အစားဟောင်းတွေနဲ့ ဝါကျင့်ကျင့်ဖြစ်ပြီး ဟောင်းနွမ်းနေတဲ့ စာလေးတစ်စောင်ကို တွေ့လို့ ဖတ်ကြည့်လိုက်တယ်။
စာမှာ ရေးထားတာက.....
“အမရဲ့ သားဟာ ဉာဏ်ရည်အလွန်နိမ့်ပါးနေပါတယ်။ သူ တစ်သက်လုံး စာတတ်မှာ မဟုတ်ပါဘူး။ ကျွန်မတို့ကျောင်းမှာ သူ့ကို လက်မခံနိုင်လို့ ဒီနေ့က စပြီး ကျောင်းထုတ်လိုက်ပါပြီ”
အယ်ဒီဆင်ဟာ စာကို ဖတ်ပြီး ဝမ်းနည်းလွန်းလို့ ရှိုက်ကြီးတငင် ငိုလိုက်ပါတယ်။ သူ့ကို တသက်လုံး လိမ်သွားတဲ့ အမေကို စိတ်မနာနိုင်ပါဘူး။
သူ့အမေဟာ သူ့ကို သင်ပြပေးခဲ့လို့ သူဟာ အခုလို ထင်ရှားကျော်ကြားတဲ့ တီထွင်ပညာရှင်ကြီး ဖြစ်လာတယ်ဆိုတာကို သူ ကောင်းကောင်းသိတယ်။
အဲဒီညမှာပဲ သူက သူ့ဒိုင်ယာရီစာအုပ်မှာ ခုလို ရေးမှတ်လိုက်ပါတယ်။–
‘သောမတ်စ်အယ်ဒီဆင်ဟာ ဉာဏ်ရည်အလွန်နိမ့်ပါးသူတစ်ယောက် ဖြစ်ပါတယ်။ သူ့အမေက သူ့ကို ကမ္ဘာပေါ်မှာ အလွန်ဉာဏ်ထက်မြက်ပြီး တီထွင်တတ်တဲ့ သိပ္ပံပညာရှင်ကြီးတစ်ယောက် ဖြစ်အောင် လုပ်ပေးခဲ့ပါတယ်’
မိဘတွေကို မှာချင်ပါတယ်.....
ခင်ဗျားတို့ ကလေးတွေကို ကျောင်းက ဆရာ ဆရာမတွေ၊ တခြားလူတွေက ဉာဏ်ထိုင်းတယ်၊ စာသင်လို့ မရဘူးလို့ ပြောရင် လွယ်လွယ်နဲ့ မယုံလိုက်ပါနဲ့။ ကလေးတွေရဲ့ အနာဂတ်ကို မိဘတွေ ပြောင်းလဲပေးလို့ ရတယ်ဆိုတာကို သိထားစေချင်ပါတယ်။
Credit