13/08/2022
ကားပြင်ဆင်စရိတ်နှင့် စက်သုံးဆီဈေးမြင့်တက်နေမှုကြောင့် ကုန်တင်ယာဉ် ထက်ဝက်ခန့်ရပ်နားထားရ
ရန်ကုန်၊ ဩဂုတ် ၁၁
လူငယ့်ခေတ်
ခရီးစဉ်တစ်ခေါက်ထွက်ပြီးသည့်အခါ မော် တော်ယာဥ်ကြံ့ခိုင်စေရန်ပြင်ဆင်ရသည့် ကားပြင်ဆင်စရိတ်ကြီးမြင့်လာခြင်း၊ စက်သုံးဆီဈေးမြင့်တက်လာခြင်းတို့ကြောင့် ပြည်တွင်းကုန်စည်ပို့ဆောင်ရေး ကုန်တင်ယာဉ်ထက်ဝက်ခန့်ရပ်နားထားရကြောင်း ကုန်တင်ယာဉ်ပိုင်ရှင်များက ပြောသည်။
"ကျွန်တော်တို့ကုန်ကားတွေကဒီဇယ်သုံးတာဆိုတော့ ဆီပြတ်လပ်တာတော့မရှိသေးဘူး။ ဒါပေမယ့် တစ်ခေါက် ထွက်လို့ ရတာနဲ့ ကုန်ကျစရိတ်နဲ့ကမကာမိတော့ဘူး။ တစ်ခါတစ်လေရှုံးတောင်ရှုံးနေသေးတော့ ကားထက်ဝက်လောက်က မထွက်နိုင်ကြတော့ဘူး။ ဥပမာ ကား၁၀ စီး ပိုင်ရင် အရင်က ကား ၁၀ စီး အပြည့် ထွက်နိုင် တယ်။ အခုဆို ကား ၅ စီလောက် ပဲထွက်နိုင်တော့တယ်။ အဲဒါကယာဥ်ပိုင်ရှင်တိုင်းပဲ" ဟု ကုန်တင်ယာဉ် ၁၀ စီးဝန်းကျင်ပိုင်သူ တစ်ဦးကဆိုသည်။
ဒေါ်လာဈေးမြင့်တက်လာခြင်းနှင့်အတူပြည်ပမှတင်သွင်းရသည့် ကားပစ္စည်းဈေးနှုန်းများပါ လိုက်ပါမြင့်တက်လာပြီး ကားကြံ့ခိုင်မှုတွင် မရှိမဖြစ်လိုအပ်သည့် အင်ဂျင်ဝိုင်၊ တာယာဈေးများမှအစ အခြားပစ္စည်းများပါဈေးနှုန်း ၂ ဆခန့်မြင့်တက်လာခြင်းကြောင့် ရပ်နားထားရခြင်းဖြစ်သည်။
"အရင် တစ်သိန်းတန်တဲ့ပစ္စည်းကို အခုအချိန်မှာ ကျပ်နှစ်သိန်း၊ နှစ်သိန်းခွဲတွေဖြစ်ကုန်တာ။ ဝင်ငွေနဲ့ ထွက်ငွေမမျှတော့တဲ့အခါကျတော့ ကားတွေကအဆင်မပြေဘူးဖြစ်တာပေါ့။ တစ်ချို့ကျတော့လဲရပ်ကြပေါ့။ တစ်ချို့ကျတော့လဲ ယာဉ်မောင်းနဲ့ စပယ်ယာအဆင် ပြေအောင်အုံနာကတော့အဆင်ပြေပြေမပြေ ပြေ တော်ရုံတန်ရုံ ကားဘာမှမဖြစ်ရင်ပြီးပြီဆိုပြီး အဆင်ပြေရုံလောက်လေးဘီးလှိမ့်နေရတာပေါ့”ဟု ၎င်းကဆိုသည်။
ပြေးဆွဲနေသည့်ကုန်တင်ယာဉ်အချို့မှာလည်း ခရီးရှည်မောင်းနှင်ခြင်းထက်၊ ခရီးတိုမောင်းနှင်ပို့ဆောင်မှုများသာရှိကြောင်း ကုန်တင်ယာဉ် မောင်းတစ်ဦးကဆိုသည်။
"အခုကရပ်တဲ့ကားကများပြီး ထွက်တဲ့ကားကနည်းတဲ့အတွက် ကုန်ပစ္စည်းရရှိမှုအပိုင်းကတော့မဆိုးဘူး။ ဒါပေမဲ့ လက်ရှိပေါက်တဲ့ကားခ၊ ပေးတဲ့ကားခနဲ့တွက်တော့လည်း ကားတွေကအကိုက်ကြီးမဟုတ်သေးဘူး။ မပြေးနိုင်တဲ့အနေအထားမှာရှိသေးတယ်။ ရပ်ထားတဲ့ကားတွေပြန်ပြီးထွက်လာမယ်ဆိုရင်တော့ ကုန်ရရှိမှုပါကျသွားနိုင်တယ်”ဟု ၎င်းကသုံးသပ်သည်။
လက်ရှိ မြန်မာနိုင်ငံအနှံ့အပြားတွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ရန်ကုန် - မန္တလေး၊ ရန်ကုန် - တောင်ကြီးနှင့် ရန်ကုန် - မြဝတီလမ်းကြောင်းများသာကုန်စည်အဓိကပို့ဆောင် နေပြီး ရန်ကုန် - မြဝတီလမ်းကြောင်းမှာပင် ယခင်ထက်ကုန်တင်ယာဉ် ပြေးဆွဲမှုအလွန်နည်းသွားကြောင်း ကုန်တင်ယာဉ်မောင်းများကဆိုသည်။
"ကားဆိုတဲ့အမျိုးကလည်း စက်ပစ္စည်းဆိုတော့ ထွက်ရင်ထွက်သလောက် ကားကြံ့ခိုင်မှုကလိုက်ထည့်ရတာ။ အရင်က ရန်ကုန် - တောင်ကြီးအသွားအပြန်တွဲကားတစ်စီးပြေးရင် ကားခအတက်အကျအပေါ်မူတည်ပြီး ကျပ် ၆ သိန်းကနေ ၈ သိန်းလောက် ထိကျန်တယ်။ အခုဆို သုံး လေးသိန်းကျန်ဖို့တောင်အနိုင်နိုင်။ ဒါတာယာစရိတ် တွေ၊ အင်ဂျင်ဝိုင်စရိတ်တွေ။ တခြားတိုလီမုတ်စပြင်ဆင်စရိတ်တွေမထည့် ထားဘူး”ဟု တွဲကားပိုင်ရှင်တစ်ဦးကပြောသည်။
ယခုလက်ရှိ ကားတာယာတစ်လုံးပင်လျှင် ကျပ် ၄ သိန်းဝန်းကျင်ရှိနေပြီး ယခင်က အင်ဂျင်ဝိုင်တစ်ခါလဲလျှင် ၂ သိန်းဝန်းကျင်သာကုန်ကျသော်လည်း ယခုအင်ဂျင်ဝိုင် တစ်ခါလဲလျှင် ကျပ် ၄ သိန်းဝန်းကျင်ခန့် ကုန်ကျကြောင်း ကုန်တင်ယာဉ်ပိုင်ရှင်များက ပြောသည်။
၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလအထိ
မြန်မာနိုင်ငံ၌ မှတ်ပုံတင်ထားသော မော် တော် ယာဉ်စုစုပေါင်း ၁,၁၂၀,၈၀၀ စီးရှိနေပြီး ၎င်းတို့အနက် လူစီးမော်တော်ယာဉ် အစီးရေ ၅၈၀,၈၇၆ စီး၊ ခရီးသည်တင် မော်တော်ယာဉ် အစီးရေ ၅၄,၂၉၁ စီး၊ ဝန်ပေါ့ ကုတ်တင်ယာဥ် အစီးရေ ၃၃၁,၇၈၂ စီး၊ ဝန်လေး ကုန်တင်ယာဥ် ၅၁,၇၂၇ စီးနှင့် အခြားအမျိုးအစား မော်တော်ယာဉ်အစီးရေ ၁၀၂,၁၂၄ စီးတို့အသီးသီးရှိကြောင်းသိရသည်။
Credit... Lu Nge Khit
ဓာတ်ပုံ- Myanmar Logistics Guide