Domino Consultant

Domino Consultant We giving service to SMEs, Business and NGO concerns with Digital, Communication and Marketing services

ဟိုနေ့တုံးက ဈေးကြီးပေးဝယ်နေတဲ့ တံဆိပ်တခုကဈေးတော်တော်လေးလို့ ထင်ရတဲ့ ဈေးနဲ့ရောင်းနေတာ မြင်တော့ ဝယ်ချင်စိတ် အတော်ပျောက်...
20/05/2019

ဟိုနေ့တုံးက ဈေးကြီးပေးဝယ်နေတဲ့ တံဆိပ်တခုက
ဈေးတော်တော်လေးလို့ ထင်ရတဲ့ ဈေးနဲ့
ရောင်းနေတာ မြင်တော့ ဝယ်ချင်စိတ်
အတော်ပျောက်သွားတယ်။
ဘာလို့လဲဆိုတော့ တန်ဖိုးထားပုံခြင်း မတူလို့ပဲ။
ဒီနေရာမှာ ဈေးကွက်ဖော်ဆောင်ရေးဂုရုကြီးရဲ့
စကားကို ကိုးကားရရင် အခမဲ့ ပေးစရာရှိတာပေး။
အခကြေးငွေ ယူသင့်တာကိုယူ။
ကျနော်တို့ဆီမှာ ဖြစ်နေတာက ဆယ်မိနစ်လောက်
အချိန်ပေးပြီး စာဖတ်ပြီးတာနဲ့ အဲ့အကြောင်းကို
ပြန်ပြီး ပညာပေးတော့တာပဲ။
ဒါကြီးက သိပ်မှားတယ်လို့ ထင်တာပဲ။
ငါက အခမဲ့ မျှဝေနေတာပဲလေဆိုရင်
အန်ဖတ်ကို ဘယ်သူမှ အိတ်ထဲထည့်ပြီး
အိမ်ပြန်မယူသွားဘူးဆိုတာ သိသင့်တယ်။

* အခမဲ့တွေက တန်ဖိုး ရှိနေဖို့ လိုတယ်။ *

တန်ဖိုးဆိုတာ အမျိုးမျိုး ဖြစ်နိုင်တယ်။
လက်တွေ့အသုံးချလို့ရတယ်၊ ပိုပြီးသိလာစေတယ်၊
ဖျော်ဖြေရေးပေးတယ် အစရှိသဖြင့်ပေါ့။
ဒီမှာ ဖြစ်နေတဲ့ တချို့ပြဿနာက
လက်တွေ့အသုံးချရမဲ့ အကြောင်းအရာတွေကို
ဆက်စပ်အခြေအနေကို ထည့်မစဉ်းစားပဲ။
ဇွတ်ပြန်တော့တာပဲ။
ဥပမာ ပေးမယ်။
ကျနော်က HR အကြောင်း ဝင်ပြောမယ်။
Amazon က သူတို့အလုပ်မှာ မပျော်တဲ့ ဝန်ထမ်းတွေကို အလုပ်ထွက်ပြီး သူတို့ လုပ်ငန်းထောင်ချင်ရင်
အဆင်ပြေအောင် ဒေါ်လာ တသောင်း ပေးပြီး
လုပ်ငန်းထောင်နိုင်အောင် ကူညီပေးတယ်။
အဲ့တော့ အလုပ်ထွက်သွားသူတွေက
အနာဂတ်မှာ amazon အတွက်
စီးပွားရေးမိတ်ဖက်တွေ ဖြစ်လာနိုင်တယ်
ယူဆတဲ့အတွက်ကြောင့်။
ဒီအကြောင်းကိုသာ content လုပ်ပြီး
မြန်မာလုပ်ငန်းရှင်တွေ လုပ်သင့်တယ်ပြောရင်
ကျွမ်းတွေ ပစ်ကုန်မှာပေါ့။

* ခင်ဗျားပြောတာတင် မဟုတ်ဘူး
ခင်ဗျားကိုပါ ဝယ်ယူနေကြတာ *

စာသင်ရင်ဖြစ်ဖြစ် စာဖတ်ရင်ဖြစ်ဖြစ်
လူတိုင်းက အချိန်ကုန်တယ်။
ဒီအချိန်ကုန်တာကို လုပ်မှတော့
သူက ခင်ဗျားကိုပါ ဝယ်တာဗျ။
ခင်ဗျားရဲ့ လေသံ အတွေ့အကြုံ ပညာအရည်အချင်း။
ဒါတွေကိုပါ ဝယ်တာ။
အဲ့တော့ သတင်းအချက်အလက်တွေကို
ဖြန့်ဖြူးရုံနဲ့တော့ဗျာ ဘာလို့ အချိန်ကုန်ခံနေမလဲ။
ဒီအလုပ်ကို အမြဲလုပ်ရမှာ မဟုတ်ဘူး။
ခင်ဗျားတို့ရဲ့ ထိုးထွင်းဥာဏ်နဲ့ တင်ပြတာကို
လိုအပ်နေတာ။
ထိုးထွင်းဥာဏ်ဆိုတာ စာဆယ်မိနစ်ဖတ်ရုံနဲ့
မရဘူး ဖြည်းဖြည်း ကျေညက်အောင် ချေဖျက်ရတယ်။
အခုထိ "Pixar and Beyond" အကြောင်း
မရေးရဲသေးဘူး သူရဲ့အတွေးအခေါ်တွေက
အဆင့်မြင့်လွန်းတယ်။

* ခင်ဗျားကိုယ်ခင်ဗျား တန်ဖိုးထားပါ *

ကျနော်တို့ဆီမှာ ဖြစ်နေတာက
ကိုယ့်အင်ကိုယ်အားကို မသိတာပဲ။
အဲ့တော့ ပြောရင်းပြောရင်းနဲ့ နယ်ကျွံလာကော။
မနေ့တနေ့ကမှ သိတဲ့ စကားလုံးဆိုလည်း
ချက်ချင်းသုံးပြီး လေလုံးထွားလိုက်တာပဲ။
ဥပမာ ပြောပါစို့ Influencer Marketing ဆိုပါစို့။
သီအိုရီ ဘယ်လောက်သိလဲ။
နိုင်ငံတကာမှာ ဖြစ်နေတာ ဘာသိလဲ။
ဖြစ်ဖူးတဲ့ကိစ္စတွေ ဘယ်လောက် လေ့လာဖူးလဲ။
ဘယ်လောက်ထိ လုပ်ဖူးလဲ။
ဘာရလဒ်တွေ ထွက်လာဖူးလဲ။
ဒါတွေ မရှိပဲ ဒီစကားလုံးကို သုံးတာကိုက
လေလုံးထွားပြီး ကိုယ့်အင်အားကို မှန်ကန်အောင်
မသုံးသပ်နိုင်တော့တာပဲ။
အဲ့ဒါနဲ့တင် ၂၀၁၉ က influencer marketing နှစ်
ဖြစ်လာမယ် ထင်ပါတယ်တွေ ပြောကုန်ကော။

* အခမဲ့ပေးရမှာတွေကို ပိုက်ဆံမတောင်းနဲ့ *

နိုင်ငံတကာမှာတောင်မှ တနာရီကို ဒေါ်လာထောင်ချီ
ရတဲ့သူတွေက အခမဲ့ပေးရတဲ့ content တွေ
ရှိတယ် စကားပြောပေးရတာတွေ ရှိတယ်။
အဲ့အတွက်တော့ ဘယ်တော့မှ ပိုက်ဆံမယူနဲ့။
ခင်ဗျားက လူတွေနဲ့ အလုပ်လုပ်နေတာ
လူတွေကို ခင်ဗျား ကတိတခုပေးပြီးရင်
တကယ်ပေးနိုင်ဖို့ လိုတယ်။
ကျနော် intern တွေကို လေ့ကျင့်ပေးတာ
တနာရီပဲ တကယ်ဆို ကျနော့မှာ သင်ရိုးပုံစံတွေ
ရှိပြီးသား ဒါပေမဲ့ အသစ်ပြန်လုပ်တယ်။
စာဖတ်တယ် ပြန်ပြင်တယ်။
အိမ်ကနေ ထပြီး ကျနော့ဆီလာတဲ့သူတိုင်းကို
တန်ဖိုး ရှိတဲ့ အခမဲ့ ဖြစ်စေချင်တယ်။

* အလကားကောင်ကြီး မဖြစ်စေနဲ့ *

ပိုက်ဆံတောင်းရင်လည်း တကယ်ကြီးတောင်း။
ရအောင်တောင်း ကိုယ့်ပုံရိပ်ကို ထိန်း။
ကျနော် coach ပေးတော့ တယောက် တသိန်းပဲ။
ဘယ်သူ့ကိုမဆို တသိန်းတောင်းတယ်။
အလကား ဖြစ်မခံနိုင်ဘူး။
အေး သင်ကြည့်ပြီးလို့မှ မကြိုက်ဘူးဗျာဆို
မပေးပိုင်ခွင့် ပေးထားတယ်။
တကယ်လည်း မပေးသူတွေ ရှိတယ်။
အေးဆေးပဲ ထုတ်တောင် မပြောဘူး။
ဒါပေမဲ့ အလကား မပေးဘူး။
အလကားလုပ်ပေးလိုက်ရင် ခင်ဗျားကို
အလကားလို သဘောထားလိမ့်မယ်။
အဲ့ခါကြရင် ပိုက်ဆံတောင်းရ ခက်တယ်။
အခမဲ့လုပ်ပေးတာနဲ့ အလကားပေးတာနဲ့ မတူဘူး။
ဒါကြောင့်လည်း မြန်မာပညာရှင်အတော်များများက
ပိုက်ဆံယူတဲ့ ဟောပြောပွဲ မလုပ်နိုင်တာ။
ကိုယ့် ပုံရိပ်ကို ကိုယ်တိုင်က ပစ်ချနေလို့။
အဲ့တော့ အလကားကောင်ကြီး အဖြစ်မခံနဲ့။

ခင်ဗျားက ကိုယ့်ဟာကိုယ် တန်ဖိုးထားဖို့ လိုတယ်။
ခင်ဗျားတောင် ကိုယ့်ဟာကိုယ် အလကားကောင်ထင်ရင်
တခြားသူတွေလည်း ထင်လိမ့်မယ်။
ခင်ဗျား ပုံရိပ်ဟာ ခင်ဗျားရဲ့ အသက်ပါပဲ။

ဟိုးဘက် ရက်ပိုင်းတုံးက စားသောက်ဆိုင်တခုအတော်လေး ပြဿနာ တက်တယ်။ဘယ်လိုမျိုးလဲဆိုတော့ စားသုံးသူတယောက်က စားမကောင်းဘူးဆိုပြီးေ...
05/05/2019

ဟိုးဘက် ရက်ပိုင်းတုံးက စားသောက်ဆိုင်တခု
အတော်လေး ပြဿနာ တက်တယ်။
ဘယ်လိုမျိုးလဲဆိုတော့ စားသုံးသူတယောက်က
စားမကောင်းဘူးဆိုပြီးတော့ ပုံတွေရိုက်ပြီး
ဂရုထဲမှာ တင်တယ်။
အဲ့ဒါကို ဆိုင်ရှင်နဲ့ တာဝန်ရှိသူက ဝင်ဖြဲတယ်။
အဲ့ဒါနဲ့ပဲ ဆိုင်သမားနဲ့ ရန်ဆက်ဖြစ်ကြကော။
အဲ့ထဲမှာ ကိုယ့် သူငယ်ချင်းတွေတောင် ပါသေးတယ်။
အဲ့ကိစ္စအကြောင်း ဆွေးနွေးချင်တာ။

ကျနော်က တော်ရုံ ဒီလိုရန်ပွဲတွေ ဝင်မပြောပေမယ့်
အလုပ်က ဆက်စပ်နေတော့ အမြဲဝင်ဖတ်တယ်။
ကျနော့ စိတ်ထဲမှာ ဖြစ်နေတာက ဒီဆိုင်ပိုင်ရှင်တွေက
ဒီလိုမျိုး မကောင်းဘူး ပြောခံရတာ
ဒါပထမဆုံးအကြိမ် မဟုတ်လောက်ဘူး။
သူတို့ရဲ့ အကဲပိုတဲ့တုံ့ပြန်ဟန်ကို ကြည့်ရရင်
တမင်သက်သက် အပုပ်ချတာမျိုးလည်း
ခံခဲ့ရပုံရတယ်။
ဒီခေတ်ကြီးမှာ အပုပ်ချရတာလည်း လွယ်တယ်လေ။
Acc တခုဖွင့်ပြီး ဓာတ်ပုံတွေ ရိုက်ပြီးတော့
ဂရုတွေထဲ ပတ်တင် ပတ်ပြောရုံနဲ့ ရတာကိုး။
ဒါကြောင့်လည်း သူတို့က ပြောတဲ့သူ account က
အစစ်လား အတုလား အပြန်အလှန် မေးခွန်းထုတ်တာ။

ပြီးတော့ သူတို့ပြောတဲ့ထဲမှာ ကျနော် သတိထားမိတာ
ရှိတာက "စားမကောင်းရင် သူတို့ကို ဘာလို့တိုက်ရိုက်
မပြောတာလဲ? အခုလို facebook မှာ တင်တော့
ဘာမှ လုပ်ပေးလို့ မရဘူး" ဆိုတဲ့ စကားပဲ။
သူတို့ပြောတာလည်း မှန်တာပဲ။
စားသောက်ဆိုင် လုပ်ငန်းဆိုတာ
မီးဖိုချောင်အခက်အခဲတွေ အများကြီး ရှိနိုင်တယ်။
ဟင်းလေးတပွဲ အစပ်အဟပ်မတည့်တာ ဖြစ်နိုင်တယ်။
ဒါကို စားမကောင်းဘူးဗျာဆိုပြီး တိုက်ရိုက်ပြောရင်
ဆိုင်အနေနဲ့ တခုခု လုပ်ပေးလို့ ရတယ်။
အဲ့လို မပြောပဲနဲ့ ပြန်လာပြီး facebook မှာ တင်ရင်
ဘာမှ လုပ်ပေးလို့ မရတာတော့ အမှန်ပဲ။

ဒါပေမဲ့ အများအမြင်မှာက ဘယ်သူမှ
ဒီလို မြင်မှာ မဟုတ်ဘူးလေ။
ဒီဆိုင်ရှင်တွေက စီးပွားရေးမလုပ်တတ်ဘူး။
စားသုံးသူနဲ့ ရန်ထိုင်ဖြစ်နေတယ်။
ဒီလိုပဲ မြင်မှာပဲ။
နောက်ကွယ်က အကြောင်းအရာတွေကို
ဆက်စပ်ပြီး စဉ်းစားဖို့ တာဝန် မရှိဘူး။
ဆိုင်ရှင်တွေ ဘယ်လောက်တောင် ခံခဲ့ရလို့
ဒီလို တုံ့ပြန်တာလဲ မသိဘူးလို့ ဖြည့်တွေးပေးစရာမှ
မလိုတာကြီးဆိုတော့ အများအမြင်မှာ ဆိုင်က
လူဆိုး ဖြစ်တာပဲလေ။
ဒါကြောင့် ဘယ်လို ပြောဆိုဆက်ဆံမလဲဆိုတာက
အရေးကြပါတဲ့ နေရာမှာ ရှိတာပေါ့။

ကျနော့အနေနဲ့ အကြံပေးနိုင်တာက
စိတ်တိုတုံးမှာ အလုပ်သဘောအရ တုံ့ပြန်တာကို
မလုပ်တာ အကောင်းဆုံးပဲ။
ကျနော်သာ ဆိုင်ရှင် ဒါမှမဟုတ် တာဝန်ရှိသူဆို
ပထမဆုံးလုပ်မှာက အဆင်မပြေတဲ့အတွက်
တောင်းပန်တာကို စလုပ်မှာပဲ။
ပြီးရင် ဒုတိယအဆင့် တာဝန်ရှိတာကို
နားလည်ကြောင်းကို ပြသမယ်။
တတိယအဆင့် ကိုယ်တွေရဲ့ အနေအထားကို
မသိမသာပြရင်းနဲ့ အပုပ်ချသူကို ပြန်စစ်မယ်။
စတုတ္ထအဆင့် လက်ဆောင်ပေးမယ်။
ပဉ္စမအဆင့် နောက်တခါ မဖြစ်စေရဘူး ကတိပေးမယ်။
အဲ့ဒါတွေ ပါတဲ့ အကြောင်းပြန်စာက ဒီလိုဖြစ်မယ်။
"အဆင်မပြေတဲ့အတွက် တောင်းပန်ပါတယ်။
စားသောက်ဆိုင် ဖြစ်တဲ့အတွက် တခါတလေ
ချို့ယွင်းချက် ရှိတာကို နားလည်ပေးစေချင်တယ်။
လူကြီးမင်းရဲ့ facebook profile ကို မှတ်ထားပြီး
ဆိုင်ကလူတွေကို မှာထားပေးပါ့မယ်။
နောက်တခါ လာစားရင် အခုစားခဲ့တဲ့ တန်ဖိုးအတိုင်း
အခမဲ့ သုံးဆောင်ခွင့် ပေးဖို့ ပြောထားပါ့မယ်။
လာမစားနိုင်ရင်လည်း ဟင်းပွဲတွေကို အိမ်ပို့ပေးမယ်။
လိပ်စာ၊ ဖုန်းနံပတ်ပေးပါ။
နောက်မဖြစ်စေရဘူးလို့ ကတိပေးပါတယ်။"
ဒီလိုမျိုးသာ ပြောရင် အပုပ်ချသူဆိုရင်
နည်းနည်းတော့ ရှိန်သွားမှာ ဖြစ်သလို
အများအမြင်မှာလည်း ပြောင်းလဲသွားနိုင်တယ်။
နောက်ဆုံး ပြောချင်တာက
အမြင်ကို ပြောင်းချင်တာလား?
ရန်ဖြစ်ပြီး အနိုင်လိုချင်တာလား?
တခါတလေ နှစ်ခုလုံး တခါတည်း မရနိုင်တာကို
သိနားလည်ထားသင့်တယ်။

သတိထားမိတာ ကြာပြီ ဖြစ်တဲ့ ကိစ္စ တခု ပြောရရင် Gloria Jean's ကော်ဖီဆိုင်က စိန်ခေါ်မှုနဲ့ ရင်ဆိုင်နေရတာ ကြာပြီ။ဒီစိန်ခေါ်မှုက သူ...
28/04/2019

သတိထားမိတာ ကြာပြီ ဖြစ်တဲ့ ကိစ္စ တခု ပြောရရင်
Gloria Jean's ကော်ဖီဆိုင်က စိန်ခေါ်မှုနဲ့
ရင်ဆိုင်နေရတာ ကြာပြီ။
ဒီစိန်ခေါ်မှုက သူတို့လည်း ဘာမှ မလုပ်ပါပဲနဲ့
တံဆိပ်ကပ်ခံနေရတာပဲ။
ပေါ်ပင်ကောင်တွေပဲ ထိုင်တယ်။
ဒါမှမဟုတ် ချမ်းသာတဲ့သားသမီးတွေပဲ ထိုင်တယ်။
ဒါတွေ တံဆိပ်ကပ်ခံရတယ်။
ဒါက သူတို့ ထိန်းချုပ်လို့ ရတဲ့အရာတွေ မဟုတ်ဘူး။
ဥပမာ ကော်ဖီအရသာ၊ သန့်ရှင်းမှု၊ ဝန်ဆောင်မှု
ဒါလိုမျိုး ကိုယ်က ပြုပြင်လို့ ရတာ မဟုတ်ဘူး။
ဒါက အများအမြင် ဖြစ်နေတာ။
ကျနော့ အမြင်က ဒါက မကောင်းဘူး။
ရှင်းပါအံ့။

အခုချိန်မှာတော့ စဉ်းစားလို့ရတယ်။
ငါတို့ ဆိုင်က လူများနေတာပဲ ကိစ္စ မရှိပါဘူး။
ဒါပေမဲ့ ဒီအမြင်က အမြစ်တွယ်လာတာ များလာပြီဆို
ကိုယ့်ရဲ့ Brand Premium က တဖြည်းဖြည်း
ကျလာတယ်။
Negative Sterotype လို့ ခေါ်တဲ့
လူအများက မကောင်းတဲ့အမြင်မြင်နေတာ
သူ့အတွက် ကောင်းတဲ့အရာ မဟုတ်ဘူး။
တကယ်ဆို ဒီမကောင်းတဲ့ အမြင်တွေ
(ပေါ်ပင်ကောင်တွေပဲ ထိုင်တာ၊
Rich Kids တွေပဲ ထိုင်တာ) က GJ ရဲ့ လွှမ်းမိုးမှု
လုံးဝပါတာ မဟုတ်ဘူး။
ဥပမာ လူရဲ့ ဝတ်စားပုံကြည့်ပြီးတော့
ဝန်ထမ်းတွေက မာမာထန်ထန် ဆက်ဆံတယ်ဆိုရင်
ဒါက ပြောစရာ နောက်တမျိုးပေမယ့်
အခုက အဲ့လိုလည်း မရှိသလောက် ရှားပါတယ်။
အမှန်ဆို ဒီကိစ္စက စရင်း နောက်ရင်းနဲ့
အတည်ဆန်လာတာ။
(တခါတလေကြရင် အဲ့လိုလုပ်တတ်သူတွေ
စီးပွားရေးကို အဲ့လို မကောင်းတဲ့အမြင်တွေနဲ့
စ နောက် ကြည့်ချင်ပါသေးတယ်။
သူတို့အလှည့်ကြ ငါက ဒီတိုင်းနောက်တာပါ ဆိုပြီး
ပြောရင် လက်ခံမလားလို့)
အဲ့တော့ ဒီအမြင်တွေကို ဖျက်ဖို့ လိုလိမ့်မယ်။
ဘယ်လို လုပ်ရမလဲ?

သေချာတာ တခုက သူတို့အနေနဲ့
တရားလိုက်စွဲပြီး အတည်အတန့်ကြီးတွေ
တုံ့ပြန်လို့ မရတာပါပဲ။
အဲ့လို တုံ့ပြန်လိုက်တာနဲ့ မလိုလားအပ်တဲ့
ဘက်ကန်မှုတွေနဲ့ ပိုဆိုးသွားဖို့ပဲ ရှိတယ်။
အဲ့တော့ အရင်ဆုံး လုပ်ရမှာက
ဘယ်သူတွေက ဘာပြောနေလဲဆိုတာကို
အရင်ဆုံး နားထောင်ရမယ်။
ပြီးရင် ဒီကိစ္စကို ဖြေရှင်းရမယ်ဆိုပြီး
အသိအမှတ်ပြုရမယ်။
နောက်ပြီး ဒီကိစ္စကို ဘယ်လို ပြန်တုံ့ပြန်မလဲဆိုပြီး
မဟာဗျူဟာ ချမှတ်ရမယ်။
ဥပမာGJ အနေနဲ့ လူငယ်တွေ
ဘာလို့ သောက်ကြလဲဆိုတဲ့ အကြောင်းပြချက်ကို
ကျကျနန ပေးနိုင်တာမျိုး။
ဘာလို့လဲဆိုတော့ ဈေးကြီးတာက
မကောင်းတဲ့အမြင်နဲ့ အပြောခံရတာ မဟုတ်တာကို
နားလည်တော့မှ မဟာဗျူဟာ အရွေ့က မှန်မှာပါ။
(မြန်မာနိုင်ငံမှာ သူလောက်ဈေးကြီးတဲ့ဆိုင်တွေ
ရှိခဲ့ ရှိဆဲ ရှိလာဦးမှာပါ)
ပြီးတော့မှ ဒီမဟာဗျူဟာအတိုင်း လုပ်ကြည့်။
ရလာတဲ့ ရလဒ်တွေကို စီစစ်။
ပြန်လည် ပြင်ဆင်။
ဒါမျိုးမှသာ ကိုယ့်ရဲ့ Brand က အသက်ရှည်မှာပါ။
တကယ်လို့ မကောင်းမြင်တာတွေ များလာရင်
ဒီဆိုင်ကြီးတွေက ပေါ်ပင်တွေပဲ ထိုင်တာပါကနေ
သွားထိုင်ချင်တဲ့သူတွေကို ပေါ်ပင်ဖြစ်ကုန်မယ်
မထိုင်ရအောင် ဖြစ်လာပြီဆိုရင် brand အနေနဲ့
ပြုပြင်ရ ပိုခက်နိုင်ပါကြောင်း။

အကောင်ကြီးများ ကျဆုံးချိန် ကျနော့ဘဝမှာ entrepreneur ခေတ်ဦးမှာ ဝေလေလေ လိုက်လုပ်ပြီး ပြိုင်ပွဲတွေမှာ အိမ်ဖြည့်ပါခဲ့ဖူးတယ်...
31/03/2019

အကောင်ကြီးများ ကျဆုံးချိန်

ကျနော့ဘဝမှာ entrepreneur ခေတ်ဦးမှာ
ဝေလေလေ လိုက်လုပ်ပြီး ပြိုင်ပွဲတွေမှာ
အိမ်ဖြည့်ပါခဲ့ဖူးတယ်။
အဲ့က အတွေ့အကြုံတခုကို ပြောပြချင်တယ်။
အဲ့ပွဲက တကယ့် ဆရာ့ဆရာကြီးတွေပါတဲ့ပွဲ။
အပေါ်ဆုံးမှာ တွေ့ကြမယ် ဆရာလေးတောင် ပါသေး။
နည်းပညာ စွန့်ဦးသမား ထိပ်ထိပ်ကြဲ ဆရာကြီးတွေကို
တစုတစည်းထဲ တွေ့တဲ့ ပွဲတွေထဲက တပွဲလို့ ပြောလို့ရ။
အဲ့ထဲကမှ မြန်မာနိုင်ငံက
ဂိမ်းကုမ္ပဏီတခုက C level တယောက်က
သူ့စီးပွားရေးအကြောင်း ပွဲမှာ ရှင်းပြတယ်။
အဲ့မှာ စိတ်ဝင်စားတဲ့အကြောင်းက ပြိုင်ဘက်မှာ
ထည့်သွင်းထားတဲ့နေရာမှာ
ပြိုင်ဘက်ကုမ္ပဏီမရှိသလောက်ပဲ။
သူ့အမြင်အရလည်း မြန်မာနိုင်ငံမှာ ဂိမ်းကုမ္ပဏီက
လက်ချိုးရေလို့ ရတော့ ပြိုင်ဘက်အရာ မသွင်းဘူးပေါ့။
သူလည်း အခုတော့ ဒေါ်လာ သန်းနဲ့ချီတဲ့
ရင်းနှီးမြှပ်နှံမှုတွေ ရသွားပါပြီ။
ဒါပေမဲ့ သူပြောတာ မှန်ရဲ့လားဆိုတာ
လမ်းဘေးက ကျနော် ဆက်တွေးနေမိတယ်။

၁။ သူဘာလို့ အဲ့လိုတွေးလဲ?

ဒီတွေးလုံးက စီးပွားရေးတူဆိုတဲ့ အတွေးကစတာ။
ကျနော်တို့က ပြိုင်ဘက်တွေလို့ တွေးလိုက်ရင်
ငါနဲ့ လုပ်တာတူတာဆိုတဲ့ အချက်ကနေ စတွေးတယ်။
ဒီတွေးလုံးက မှန်တဲ့နေရာ ရှိသလို မှားတဲ့နေရာရှိတယ်။
မှန်တာက လုပ်ငန်းမျိုးတူစုရလွယ်တာ။
မှားတာက စားသုံးသူကို မျိုးတူစုပြီး ဗဟိုမပြုမိတာ။

၂။ စားသုံးသူရဲ့မျိုးတူစုမှု (Tribes)

ကျနော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ
ဒစ်ဂျစ်တယ်က ကျနော်တို့လူတွေကို စုစည်းလိုက်တယ်။
ဘောင်တွေ နိုင်ငံတွေကို ကျော်ပလိုက်တယ်။
နက်ဝက်တွေပေါ်မှာ စီးမျောလိုက်စေတယ်။
ဒီကနေမှ မတူညီတဲ့ မျိုးတူစုမှုတွေ ဖြစ်လာတယ်။
ဥပမာ Raw Denim မှ ဝတ်တဲ့သူ။
Yeezy မှ စီးတဲ့သူ။
ဝီစကီခွက်နဲ့မှ အရက်သောက်သူ။
ဖုန်းနဲ့ပဲ ရုပ်ရှင်ကြည့်သူ။
ကော်ဖီကို ဈေးကြီးပေးသောက်သူ။
အစရှိတဲ့ မတူညီပဲနဲ့ အူကြောင်ကြောင်နိုင်တဲ့
မျိုးတူစုမှုတွေ ပေါ်ပေါက်လာတယ်။
ဒီမျိုးတူလူစုတွေဟာ တစုနဲ့တစု
မတူညီတဲ့ ဆုံးဖြတ်ချက်တွေ ရွေးချယ်မှုတွေ
ချမှတ်ကြတယ်။
အဲ့ဒါက သူ့ရဲ့ဘဝနေထိုင်မှု ဖြစ်လာတယ်။
အဲ့နေထိုင်မှုကမှ ဆင့်ပွားပြီး ဝယ်ယူတဲ့ဟန်
ပြောင်းသွားကြတယ်။
ဥပမာ ဂျင်းကို နှစ်သိန်းခွဲတန် ပေးဝယ်တာတို့။
ဖိနပ်တရံ ငါးသိန်းခွဲ ပေးဝတ်တာတို့။
တီရှပ်တထည် နှစ်သိန်း ပေးဝတ်တာတို့။
ညစာကို တနပ် တသိန်းခွဲ ပေးစားတာတို့။
အစရှိတဲ့ မတူညီတဲ့ မျိုးတူလူစုတွေအတွက်
နားမလည်စရာ ရွေးချယ်မှုတွေ ပေါ်လာတယ်။

၃။ Netflix က သူ့ပြိုင်ဘက်ကို Fortnite ကို
သတ်မှတ်ခဲ့တယ်။

HBO မဟုတ်ဘူး၊ Hulu မဟုတ်ဘူး။
Fortnite ပါတဲ့။
ဘာလို့လဲ သူတို့ပစ်မှတ်ထားတဲ့ မျိုးတူလူစုခြင်းတူပြီး
ဒီနှစ်ခုမှာ ဘယ်ဟာကို ရွေးမလဲဆိုတာ ယှဉ်နေရလို့။
ဒီအချက်ဟာ စားသုံးသူ ဗဟိုပြုတယ်ဆိုတာကို
သွားပြီး တွေ့ရမှာပါ။
အဲ့တော့ ကျနော့ နောက်ပိုင်း ယုံကြည်လာတာက
နည်းပညာရဲ့ ဖြိုခွဲဖျက်ဆီးမှုကြောင့်
လုပ်ငန်းသစ်တွေ ပေါ်လာတယ်ဆိုတာ
အပြည့်မှန်ချင်မှ မှန်တော့မယ်။
လူတွေက ပွတ်တိုက်မှုနည်းတဲ့ နည်းလမ်းကို
ရွေးရင်း ရွေးရင်းကနေ နည်းပညာက ပိုပြီး
ပွတ်တိုက်မှုနည်းတာကို ထောက်ပံ့နိုင်ရင်
အဲ့ဆီက ရွေ့ရွေ့သွားတာလို့ ပိုပြီး ထင်တယ်။
ဒီနေရာမှာ ကျွမ်းကျင်မှုတယောက်ရဲ့
ပြောစကားကို ကိုးကားချင်တယ်။
"လူတွေ မဖြစ်မနေ လိုအပ်တာ ဘဏ်လုပ်ငန်းစဉ်
ဘဏ်မဟုတ်ဘူးတဲ့"
အဲ့လိုပဲ လူတွေ မဖြစ်မနေ လိုအပ်တာ
ကတိကဝတ်တခုပဲ ကတိပြုသူကို မဟုတ်ဘူး။
ဒါကို မမြင်ခြင်းဟာ အကောင်ကြီးတွေရဲ့
ကျဆုံးချိန်ပဲ။

နိုင်ငံရေးနဲ့ ပတ်သက်လာရင် အရင်တုံးက မိဘနဲ့သားသမီး ပုံစံတွေပဲ ဆက်ဆံလေ့ရှိတယ်။ဒါက မှားတယ်လည်း မဆိုသာဘူး လူမှုကွန်ယက်တွေ ခေတ...
29/03/2019

နိုင်ငံရေးနဲ့ ပတ်သက်လာရင်
အရင်တုံးက မိဘနဲ့သားသမီး ပုံစံတွေပဲ
ဆက်ဆံလေ့ရှိတယ်။
ဒါက မှားတယ်လည်း မဆိုသာဘူး
လူမှုကွန်ယက်တွေ ခေတ်မစားခင်မှာ
နိုင်ငံရေးသမားက မိဘအနေနဲ့ သူလုပ်ချင်တာတွေကို
ပြည်သူတွေကို သားသမီးအနေနဲ့လည်း ခွံ့ကျွေးတယ်။
ဒါပေမဲ့ ဒစ်ဂျစ်တယ်တွေ ခေတ်စားလာတာနဲ့ အမျှ
ဒီအလေ့အထကို တွန်းလှန်မှုတွေ ပေါ်လာပြီ။
ဒါကို ဒီ Trend တွေကို ကြည့်ပြီး သိနိုင်တယ်။

၁။ မိုဒီဟာ လူမှုကွန်ယက်ဘုရင်

အိန္ဒီယရဲ့ ဝန်ကြီးချုပ်ဟာ လူမှုကွန်ယက်ကို
ခပ်စောစောကတည်းက သုံးခဲ့သူပါ။
ဒါကြောင့် ဗမာပြည်ကလူကြီးတွေလို ကကြီးခကွေး
ပြန်သင်ပေးနေစရာ မလိုသလို
နိုင်ငံခြားသားကျွမ်းကျင်သူတွေ ဂျင်းတွေလည်း
မစားမိတော့ဘူး။
သူ့ရဲ့ လူမှုကွန်ယက်စာသားတွေဟာ
သူ့ကို မဲပေးမယ့်သူတွေရဲ့ အသံတိုင်း ဖြစ်နေတာ
မြင်ရပါလိမ့်မယ်။
အဓိကအားဖြင့် မိုဒီရဲ့အခိုက်အတန့်လေးတွေဟာ
လွယ်ကူတဲ့ တကြောင်းတည်းသောစာသားတွေနဲ့
လူအများကြား ပေါက်အောင် ဖန်တီးခဲ့တာပဲ။

၂။ ဆယ်လီပေးတဲ့ဒုက္ခ

ဒီနှစ်ပိုင်းမှာ အရာရာမှာ facebook ပေါ်
တင်လိုက်ရမလားဆိုတဲ့ ခြိမ်းခြောက်သံက
အတော် အလုပ်ဖြစ်ခဲ့တယ်။
နောက်ဆုံး ဒီရက်ပိုင်းမှာ ဆယ်လီပေးတဲ့ဒုက္ခကို
အစိုးရပိုင်းပါ ခံနေရတာကို တွေ့ရတယ်။
တကယ်တော့ အစိုးရပိုင်းက လူမှုကွန်ယက်ကို
အလေးမထားသလို ကြောက်လည်းကြောက်ကြတယ်။
တကယ်ဆို ကိုယ်ကလည်း ကိုယ့်ရဲ့ လွှမ်းမိုးမှုတခု
တည်ဆောက်ထားနိုင်တယ်ဆိုရင် ခံတပ်ကောင်းတခုကို
ပိုင်ဆိုင်ထားသလိုပါပဲ။
အဓိက သူများကို လွှမ်းမိုးဖို့ထပ် ကိုယ်ရဲ့ပုံရိပ်ကောင်းကို
လူတွေနဲ့ ကျွမ်းဝင်နေအောင် ဖန်တီးဖို့ပါပဲ။
ကိုယ်က သူများကို အားကိုးရလေလေ
သူများလှံက ကိုယ့်ကို ပြန်ထိုးဖို့ များလေလေပါပဲ။
အစိုးရပိုင်းက Facebook အစိုးရဆိုတဲ့စကားကို
ပြင်ပြီး ရေဆန်တက်မလား ရေစုန်မျှောလိုက်မလား
ရွေးချယ်ရမယ့်အချိန် စရောက်လာပါပြီ။

၃။ မြူနီစပယ်ရွေးကောက်ပွဲမှ အစချီ၍

မြူနီစပယ်ရွေးကောက်ပွဲဟာ Gen Y တွေ ဖြစ်တဲ့
Millennials တွေရဲ့ အင်အားကို လှစ်ပြလိုက်သလိုပဲ။
တဖြည်းဖြည်း ကျနော်တို့ မျိုးဆက်ဟာ
အွန်လိုင်းလည်း သိတယ်
အွန်မလိုင်းခဲ့တာလည်း သိတယ်
ဆိုတဲ့သူတွေ ဖြစ်လာခဲ့ပါတယ်။
ဒီလူတွေက အင်တာနက်ရဲ့ စပ်ကူးမပ်ကူးကို
ကောင်းကောင်းနားလည်ပြီး အတော်များများက
လူမှုကွန်ယက်ကို ကောင်းကောင်းသုံးလာကြသူတွေ။
ဟိုးဘက်နှစ်တုံးက မြူနီစပယ်ရွေးကောက်ပွဲကို
လူအများက စိတ်မဝင်စားပေမဲ့ အခုကြတော့
အတော်များများက လှုပ်ခပ်ပြောလာကြပြီ။
ဒီနေရာမှာ လူမှုကွန်ယက်မှာ ငွေအသုံးများဆုံးသူက
Engagement အများဆုံးဆိုတာကို တွေ့ရမယ်။
အဲ့ဒီအခါမှ ကိုယ်တွေက လူသားဆန်တဲ့အချက်တွေ
ကိုင်တွယ်ပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ လူမျိုးစုတွေကို
တည်ဆောက်ဖို့ လိုအပ်လာပါပြီ။
ဒီလို တည်ဆောက်ဖို့ဆိုတာ ဒေတာပိုင်း နားလည်သလို
ကိုယ်ကိုယ်စားပြုမဲ့ လူတန်းစားရဲ့ ယုံကြည်မှုကို
ရအောင် တည်ဆောက်ဖို့ အရေးကြီးပါတယ်။
လူမှုကွန်ယက်ပေါ်တင်တဲ့ပုံက အစ
တနှစ်မှာ နှစ်ခါလောက်ပဲ ခရီးထွက်ရလို့
ပုံတွေ စုပြုံတင်တာမျိုး မလုပ်သင့်တော့ပါဘူး။
တပုံခြင်းဟာ ကိုယ့်ရဲ့ လူမှုကွန်ယက်ပုံရိပ်ကို
ကိုယ်စားပြုနေသလို ကိုယ့်ရဲ့မဲဆွယ်မှုကို
ထောက်ပံ့နေတယ်ဆိုတာ ဘယ်တော့မှ မမေ့သင့်ပါဘူး။

နိုင်ငံရေးနဲ့ ဒစ်ဂျစ်တယ် ပေါင်းစပ်မှုဟာ
နောက်ထပ်သော လှိုင်းအရွေ့တခုပါပဲ။
ဒီထဲမှာ စီးမျောနိုင်မှုဟာ ရုန်းကန်အောင်မြင်ခြင်းပဲ။

Rich Kid မဟုတ်လို့ အိပ်မက်တွေက ဈေးကြီးတယ်ဆိုတဲ့စကားကို ခဏခဏ ကြားရတယ်။ဒါကို ကျနော် လက်သင့်ခံလို့ရတယ်။ဒီနှစ်ပိုင်း အထာကျက...
06/03/2019

Rich Kid မဟုတ်လို့ အိပ်မက်တွေက
ဈေးကြီးတယ်ဆိုတဲ့စကားကို ခဏခဏ ကြားရတယ်။
ဒါကို ကျနော် လက်သင့်ခံလို့ရတယ်။
ဒီနှစ်ပိုင်း အထာကျကျ ထွက်လာတဲ့ Online Clothing
Store ဆိုင်ပိုင်ရှင်ရဲ့ အိမ်ဆိုရင် အိမ်အကျယ်ကိုက
ကျနော့အိမ်အရှည်လောက်ကို ရှိတာ။
အဲ့တော့ သူတို့လို လုပ်နိုင်ဖို့ဆိုတာ ခက်ခဲတယ်။
အဲ့လို အခြေအနေမျိုးကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို
နည်းလမ်းလေးတွေ ပေးချင်ပါတယ်။

၁။ RK မဟုတ်တော့ အိပ်မက်တွေက ဈေးကြီးတယ်
လို့ အွန်လိုင်းပေါ်မှာ တက်ရေးပါ။
ဘဝတူတွေက ထောက်ခံလိမ့်မယ်။
ဝိုင်းပြီး cmt တွေ ရေးကြ share ကြနဲ့ ပျော်ရမယ်။
ဒါကိုမှ စာရေးကောင်းရင် ထိုးဇာတ်နာလေးနဲ့သာရေး
ပိုပြီးတောင် ပေါက်ဦးမယ်။

၂။ အိပ်မက်တွေက ဈေးကြီးလို့
အရက်၊ဘီယာ မှန်မှန်သောက်ပါ။
အလုပ်ကို တာဝန်ကျေအောင်လုပ် ပြီးရင် အလုပ်ပြီးရင်
သူငယ်ချင်းတွေနဲ့ ချိန်း အရက်၊ဘီယာလေး မှန်မှန်ကစ်။
ပိတ်ရက်ဆို သိုးနေအောင်အိပ်။
သူများအကြောင်း အတင်းအုပ်။
ငါ့ဘဝကြီးက လခွီးပါ နေ့တိုင်းရေး။

၃။ ဆုတောင်းပြီး သတ်သေလိုက်ပါ။
နောင်ဘဝမှာ ချမ်းသာတဲ့မိဘဆီမှာသာ
မွေးရပါလို၏ဆိုပြီး သတ်သာသေလိုက်ပါ။

ဒီနည်းလမ်းတွေကတော့ အလွယ်ဆုံး နည်းလမ်းတွေ
ဖြစ်လိမ့်မယ်။
တတိယနည်း သုံးတဲ့သူတော့ မတွေ့သေးဘူးပေါ့။
ခင်ဗျား သုံးရင် ပထမဆုံး သုံးတဲ့သူ ဖြစ်မှာပေါ့။
ဒီလိုမှ မလုပ်ချင်ဘူးဆိုရင် ကျနော် အကြံပေးနိုင်တာက

၁။ ကိုယ့်အခြေအနေကိုယ် စစ်ဆေးပါ။

ဆိုလိုတာက
ကိုယ်က မိဘကိုပိုက်ဆံထောက်နေရလား?
ကိုယ့်မှာ မဖြစ်မနေ အသုံးစရိတ် ဘာတွေလိုလဲ?
ဥပမာဗျာ ကိုယ်က တလငါးသိန်းဝင်တယ်။
အိမ်က တသိန်းခွဲထောက်ရတယ် အိမ်က ကိုယ့်ကို
နေစရာ၊စားစရာပေးတယ် ဆိုပါစို့ဗျာ။
ကိုယ်ဝင်ငွေမှာ သုံးသိန်းခွဲကျန်တယ်။
အိမ်ထမင်း၊အိမ်ဟင်းပဲ စားမယ်ဆိုရင် သွားခ၊လာခပဲ
ကုန်လောက်မယ်။
အဲ့ကနေမှ ဖုန်းဘေ၊ဟိုစားဒီစား နှုတ်လိုက်ရင်
တသိန်းခွဲလောက်ကျန်မယ်။
ပိုရင် နှစ်သိန်းလောက် ကျန်မယ် ဆိုပါစို့။
ဒီနေရာမှာ ခင်ဗျား အခြေခံတခု ရှိသွားပြီ။
စားဝတ်နေရေး အပြီးမှာ တသိန်းခွဲ၊နှစ်သိန်းကြား
အပိုအလျှံရှိတယ်။

၂။ ကိုယ်လိုချင်တဲ့နေရာ ရောက်ဖို့
ဘာတွေစွန့်လွှတ်ရမလဲ?

ငါက ဖက်ရှင်ဒီဇိုင်းနာကြီး ဖြစ်ချင်တာ။
အရက်သောက်ရင်း ပြောတယ်။
ငါက CEO ဖြစ်ချင်တာ။
Netflix ကြည့်ရင်း ပြောတယ်။
(ကြည့်တာကလည်း အချစ်ကားတွေ)
ငါက စားသောက်ဆိုင်ပိုင်ရှင် ဖြစ်ချင်တာ။
ကမ်းခြေမှာ ခရီးထွက်ရင်း ပြောတယ်။
ကျနော် မေးချင်တာက ဟုတ်ပြီ
ဒီအိပ်မက်တွေ ရှိတယ်။
အိမ်က ငါ့သား၊သမီးလေး သိန်းနှစ်ထောင်ယူသွား
ကိုယ့်အိပ်မက်ကိုယ် အကောင်အထည်ဖော်စမ်းဆိုပြီး
မပေးနိုင်ဘူး မှတ်လား?
အဲ့ဒါဆို ခုနပြောတဲ့ နှစ်သိန်းနဲ့ တလခြင်းစုပြီး
ဘာလုပ်လို့ရလဲ စဉ်းစား?
ကိုယ်ဖြစ်ချင်တာလုပ်ဖို့ ပညာသင်မလား?
ဥပမာ ဒီဇိုင်းနာသင်တာ၊ management သင်တာ၊
ဟင်းချက်သင်တာ။
ဒီမှာ မေးချင်တာက ကိုယ့်အိပ်မက်အတွက်
ဘယ်လောက်ထိ ကိုယ်ရင်းနှီးမြှပ်နှံ့မလဲပဲ။

၃။ ခပ်သေးသေး တခုခုစကြည့်ပါ။

လူတွေက Influencer အလုပ်ကို လွယ်ပါတယ်
ဟိုပေါ် ဒီဖော် တလွဲလုပ်ရင် ပြီးကော ထင်ကြတယ်။
ဟုတ်တယ် အဲ့လူတွေလည်း ရှိသလို အဲ့လိုလူ
မဟုတ်တာတွေလည်း ရှိတယ်။
ကျနော်ကတော့ Contentတွေ စပြင်လို့ပဲ
အကြံပေးချင်တယ်။
ဥပမာ ခင်ဗျားက ဖက်ရှင် အရမ်းစိတ်ဝင်စားတယ်။
အဲ့ဒါဆိုရင် ခင်ဗျား ကိုယ်ပိုင်ပိုက်ဆံနဲ့ ဖက်ရှင်တွေဝယ်
အဲ့အကြောင်းတွေကို လူတွေကို ပြောပြတာမျိုး။
ဖက်ရှင်သတင်းတွေ လိုက်ဖတ်ပြီး
ကိုယ့်အမြင်တင်တာမျိုး။
ဒါမျိုးလေးတွေ စလုပ်ကြည့်လို့ရတယ်လေ။
ဒါမျိုးတွေကမှ ခင်ဗျားသာ တကယ်တော်ရင်
နေရာတခု ရလာမှာပဲပေါ့။
ဒါမျိုး လုပ်ဖို့ဆိုတာ ဖုန်းတလုံးရယ်၊
အင်တာနက်ရယ်၊ စာရိုက်ဖို့ရယ်၊
လိုအပ်တဲ့ သတင်းအချက်အလက်၊ ဖက်ရှင်ပစ္စည်း
ဒါပဲ လိုတာလေ။
ဒါက သိန်းတထောင် နှစ်ထောင် မလိုပါဘူး။
ဒီကရတဲ့ ပိုက်ဆံနဲ့မှ ပြန်ရင်းလို့ ရတာပဲ။
အဲ့ကနေမှ ခင်ဗျား တကယ်တော်ရင်
စီးပွားရေးလုပ်ငန်းတွေက နောက်ကလိုက်လာမှာပေါ့။
ဘာလို့ ကြီးကြီးမှ လုပ်ချင်တာလဲ?
ဆိုင်ခန်းသေးသေးလေး ဖွင့်ပြီး ကြုံရာလူလာဝယ်မှာပဲ
ဆုတောင်းမဲ့အစား ကိုယ့်ရဲ့နာမည်ကို
အရင်ဆောက်ပါလား?
ခင်ဗျား မရဘူး မထင်နဲ့။
ကျနော့ဟာ ကျနော် အပျော်လုပ်တဲ့
Raw Denim တောင် အဲ့ဒါတွေ ဝတ်တဲ့သူတွေက
ကိုယ့်ကိုယ်သိလာတယ်။
ကိုယ့်နံဘေးကလူတွေက Raw Denim ကို
စိတ်ဝင်စားလာတယ်။
ဒါက Content Business Model ပဲဗျ။
ဒါကို ကိုယ့်ရဲ့အလုပ်တခုလို လုပ်ရမှာ။

အဲ့တော့ ကိုယ့်ဟာကိုယ် ပြန်စဉ်းစားကြည့်။
အိပ်မက်တွေက ဈေးကြီးလား?
ဘယ်လောက်ပေးဝယ်မလဲဆိုတာကို။

ရှေ့လကတည်းက ရန်ကုန်လမ်းညွှန်ရဲ့Sale Team ကို Digital ပိုင်းလေ့ကျင့်ပေးရတယ်။အစကတော့ အဲ့အကြောင်းကို ရွှန်းရွှန်းဝေအောင်ပြောမလ...
01/11/2018

ရှေ့လကတည်းက ရန်ကုန်လမ်းညွှန်ရဲ့
Sale Team ကို Digital ပိုင်းလေ့ကျင့်ပေးရတယ်။
အစကတော့ အဲ့အကြောင်းကို ရွှန်းရွှန်းဝေအောင်
ပြောမလို့ စဉ်းစားထားတာ။
နောက်မှာပဲ သေချာပြောတော့မယ်။
ဒါပေမဲ့ဒီရက်ပိုင်း နိုင်ငံခြားက ပါတနာနှစ်ယောက်နဲ့
စကားပြောကြည့်တော့ သူတို့ဆီက ရတဲ့
အတွေ့အကြုံကိုပဲ အဓိကအားဖြင့်ပြောတော့မယ်
စဉ်းစားမိတယ်။

၁။
လောကကြီးက ဒီတိုင်းသွားနေမှာ။

နိုင်ငံခြားကနေ ဒီမှာ အလုပ်လုပ်တာ
နှစ်အတော်ပေါက်နေတဲ့သူနဲ့ စကားပြောတော့
မြန်မာနိုင်ငံရဲ့ဈေးကွက်အခြေအနေကို ပြောရင်းနဲ့
သူပြောသွားတာကို သဘောကျတာက
အဲ့စကားပဲ။
ကိုယ်ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေ
အကုန်လုံးက ထင်မြင်ယူဆချက်တွေကြီးပဲ။
ဘဝက ဒီလိုပဲ ဆက်သွားနေမှာ ဒီအပေါ်မှာ
ပြောင်းနိုင်လား စီးမျောနိုင်လားပဲ အဓိကလို့
ထင်တာပဲ။
ဒါ ဈေးကွက်ဖော်ဆောင်ရေးသမားတွေ
လုပ်ရမဲ့အရာလို့ကို ထင်တာပဲ။

၂။
Digital ကို သုံးတဲ့နည်းလမ်းကို
ခင်ဗျားပြောင်းနိုင်လားမပြောင်းနိုင်ရင်
ဘယ်လိုအကျိုးအမြတ်ယူမလဲ?

ကျနော်တို့က လူတွေက facebook ပဲ သုံးတယ်။
Facebook မှာပဲ content တွေ ရှိတယ်။
Digital က ဘယ်လို ဖြစ်သင့်တယ်
ဒီလိုဖြစ်သင့်တယ်။
ဒါကို ပြောနေတာက တက်ကြွလှုပ်ရှားသူအလုပ်။
ခင်ဗျား အဖွဲ့အစည်းက ဒါတွေကို ဂရုမစိုက်ဘူး။
လူတွေကို ဦးဆောင်နိုင်လောက်တဲ့ အားရှိရင်
အဲ့အားနဲ့ လူတွေကို အမူအကျင့်တွေ ပြောင်း။
ဥပမာ ရေသန့်ဗူးတွေက ရေအိုးစင်တွေနေရာကို
အစားထိုးသွားသလိုမျိုး။
အဲ့လိုမှ မဟုတ်ဘူးဆိုရင် ရေစီးကြောင်းထဲမှာ
ကိုယ့်အကျိုးအမြတ်ကို ဘယ်လိုယူမလဲ?
ဥပမာ လူတွေက Facebook ပဲ သုံးတယ်။
Facebook ကနေ တဆင့် ကုမ္ပဏီရဲ့ စီးပွားရေးကို
ဘယ်လို အံဝင်အောင် ညှိယူမလဲ?
ဒါက အရေးပါဆုံး။

၃။
Digital လို့ ပြောရင် Facebook က
အဓိကပဲလား?

အဲ့မှာ အဓိကမှားကြတာပဲ။
Facebook က ပလက်ဖောင်းပဲ။
ပလက်ဖောင်းက အဓိကမဟုတ်ဘူး။
ပလက်ဖောင်းမှာ ဘာလုပ်မလဲက အဓိက။
လူတွေက သူတို့အဆင်ပြေတာ သုံးမှာ။
ဥပမာဗျာ နိုင်ငံခြားမှာ youtube မှာမှ
ကြည့်တာတွေ မြန်မာနိုင်ငံမှာ Facebook ပေါ်ပဲ
ကြည့်တယ်ဆိုပါစို့။
အဲ့ဒါဆိုရင် အတင်းကြီး ပလက်ဖောင်းစုံအောင်
သွားမယ်ဆိုတာထက် လူတွေကို တွဲကူခေါ်ရမယ်။
လူတွေက အကျိုးအမြတ်မြင်လာရင် ခုန်ဝင်လာမှာ။
ဒီအတွက် ဈေးကွက်ကို ပြန်ကြည့်ရမှာ။

၎။
အလုပ်ဆက်လုပ်ချင်ရင် အလုပ်ဆက်ချဲ့ပါ။

ဒါကတော့ ကိုယ့်ဟာကိုယ် သတိပေးတာ။
ကိုယ့်ရဲ့အလုပ်က မကောင်းဘူးဆို
ပထမဆုံး စဉ်းစားတာ အလုပ်ဖြစ်အောင်လောက်ပဲ
လုပ်တော့ဖို့ပဲ ဟန်ပြင်ကြတယ်။
ဒါပေမဲ့ အနာဂတ်မှာ ရနိုင်မဲ့အကျိုးအမြတ်ကို
ကြိုတွက်ပြီး စွန့်စားသင့်မသင့်လည်း
ထည့်တွက်သင့်တယ်ဆိုတာ ပိုမြင်လာတယ်။

၅။
Digital ပိုင်းနှင့် ကိုယ့်ရဲ့ အဖွဲ့ကို ရင်းနှီးပါစေ။

ဒါလည်း ဒီရက်ပိုင်း ဖြစ်တာနဲ့ပဲ ချိန်ထိုးပြောမယ်။
အကျယ်ကတော့ နောက်မှပြောမယ်။
ဟုတိသော်ရှိမရှိ ကိုယ့်ရဲ့အဖွဲ့အစည်းက
Social Media Culture နဲ့Digital Culture နဲ့
ရင်းနှီးဖို့ ပိုလိုလာပြီ။
ဒီလူတွေ အွန်လိုင်းပေါ်မှာ ဘယ်လိုစဉ်းစားလဲ?
ဒါကို အဓိကသိရမယ် နားလည်ရမယ်။
အဲ့လိုမှ နားမလည်ရင် နောက်ကောက်ကျကျန်ခဲ့မှာ
ဘယ်လောက်ပဲ ကြီးတဲ့အဖွဲ့ဖြစ်ဖြစ်။

ဒါတွေက ကျနော့ ဒီရက်ပိုင်း DM Notes တွေပဲ
ဖြစ်ပါတယ်။

ကျနော်တို့ဆီမှာ နောက်ပိုင်းမှာ Content Creator တွေ အတော်များလာတယ်။ဒီလူတွေက Content တွေကို ဖန်တီးတယ်။အဲ့ကနေ ပေါက်သွားကြတာ...
18/10/2018

ကျနော်တို့ဆီမှာ နောက်ပိုင်းမှာ
Content Creator တွေ အတော်များလာတယ်။
ဒီလူတွေက Content တွေကို ဖန်တီးတယ်။
အဲ့ကနေ ပေါက်သွားကြတာများတယ်။
ကျနော်တို့အခေါ်တော့ Viral Content ပေါ့။
အဲ့မှာ မားကပ်တာတွေက ဒီပေါက်သွားတဲ့
Contentတွေနောက်ကို လိုက်ကြတော့တာပဲ။
အခု contentမှာ ဒီအကြောင်းကို အဓိကထားပြီး
ဆွေးနွေးသွားမယ်။
ဒါပေမဲ့ ဒါက content creator တွေကို
တိုက်ခိုက်တာ မဟုတ်ပါဘူးဆိုတာ
ကြိုတင်ပြောကြားအပ်ပါတယ်။

ဒါတွေအရင် မပြောခင် ကိုယ့်အတွေ့အကြုံကို
အရင် ရှင်းပြပါရစေ။
ကျနော့အနေနဲ့ viral content တွေမှာ
ကြော်ငြာထည့်တဲ့ Brand Manger တွေနဲ့
စကားပြောကြည့်ဖူးတယ်။
သူတို့ အဲ့မှာ ကြော်ငြာထည့်လို့
အကျိုးကျေးဇူးအများဆုံးရတာက
လူများများကြည့်တယ် သိသွားတယ် ဒီလောက်ပဲ။
အဲ့တော့ ကျနော်တို့ဘက်က စဉ်းစားရမှာက
Brand အကြီးတွေ အတွက်ဆိုရင် ဟုတ်တယ်။
ဒါပေမဲ့ Viral ဖြစ်ခြင်းတခုက Brand တွေဘက်က
လိုအပ်ချက်ကို မဖြည့်စည်းပေးနိုင်တာကိုလည်း
အသိအမှတ်ပြုရမယ်။

ဒီနေရာမှာ Brandနှင့်Content Creator ကြားက
Agency ရဲ့ အလုပ်ကို ကြိုပြောရမယ်။
မြန်မာနိုင်ငံမှာ Viral ဖြစ်သွားတဲ့ Content
အများစုက ရယ်ရလို့ဆိုတာကနေ စတယ်။
ပေါက်ရတဲ့အကြောင်းအရင်း
အတော်များများကလည်း ဟုတ်တယ်။
ရယ်ရလို့။
ကျနော့အနေနဲ့တော့ ရယ်ရလို့ ပေါက်တဲ့ထပ်
ပိုပြီး တိကျတဲ့အသုံးကို ပြောရမယ်ဆိုရင်
လူတွေကို တခုခုနှိုးဆွရင် ပေါက်တယ်။
ဥပမာဗျာ တယောက်ယောက်ကို
လှောင်ပြောင်စော်ကားတဲ့
Contentမျိုး။
မိန်းမတွေက အဝတ်လျှော်စက်တွေပါကွာ။
တမင်နောက်ပြောင်ကျီစယ်တာမျိုး။
ရည်းစားတယောက်နဲ့တယောက်
ပစ္စည်းတွေ ထုရိုက်ခွဲပြတာမျိုး။
ချစ်စရာကောင်းတာမျိုး။
ကြောင်ပုံလှလှလေးတွေ။
အံ့သြထူးဆန်းတဲ့အကြောင်းအရာမျိုး။
ထူးခြားဆန်းပြားတဲ့ အဖြစ်အပျက်တွေ။
ဒါမျိုးတွေက ပေါက်တာများတယ်။
ဒါပေမဲ့ ဒါမျိုးက Brandတွေကို
ဘယ်လိုအကျိုးပြုလဲ?

မြင်သာအောင် ဥပမာ ထပ်ပေးရရင်
( Content Creator တွေကို စော်ကားတာ
မဟုတ်ကြောင်း ထပ်လောင်း ပြောအပ်ပါတယ်)
ဟာသ ဗီဒီယိုတွေ ဒီမှာ အတင်များတယ်။
ဥပမာ စနှိုက်ကြော်လိုမျိုး content တွေ။
ကိုယ့်ရည်းစားကို pw ပေးမဲ့အစား သေလိုက်တာ။
ကိုယ့်ရည်းစားဟောင်းနဲ့ တွေ့တဲ့အခါ suger mommy ကို ခေါ်တာမျိုး။
ဒီအပြင် ဟာသဗီဒီယိုတွေ အများကြီး ရှိသေးတယ်။
ကျနော်လည်း ကြိုက်တယ်။
လူအများလည်း ကြိုက်တယ် သဘောကျကြတယ်။
ပေါက်ကြတယ်။
ဒါက ပြဿနာ မဟုတ်ဘူး။
Content Creator က သူကြိုက်တာကို
ဖန်တီးမှာပဲ။
ဒါကို ကြားက ဝန်ဆောင်မှုပေးတဲ့
Agency ရှိတယ်ဆိုရင် သူ့ဘက်ကနေပြီးတော့
Brandကို အကျိုးရှိပြီး ဆွဲဆောင်မှုရှိတဲ့
Contentဖြစ်သွားအောင် မားကပ်တင်းအမြင်တွေ
ထပ်ပေါင်းထည့်ရမှာ။
ဥပမာ ကိုယ့်ရဲ့ Brand က ဘယ်သူတွေကို
ပစ်မှတ်ထားတာလဲ?
ကိုယ့် Brand က ဘယ်အချက်တွေကို
စားသုံးသူကို သိစေချင်တာလဲ?
ကိုယ့် Brand က ဘယ်လိုဖျော်ဖြေမှုမျိုး
လူတွေကို ပေးချင်တာလဲ?
ဒီအချက်တွေကို ထည့်သွင်းစဉ်းစားဖို့လိုမယ်။
ဒါက Agency ဘက်က အပိုင်း။

Content Creator တွေဘက်ကလည်း
ဘာကို ထည့်စဉ်းစားလာသင့်ပြီလဲဆိုတော့
ကိုယ့် သြဇာကို ဘယ်ကနေ တည်မလဲဆိုတာကနေ
ထည့်သွင်း စဉ်းစားလာသင့်ပြီ။
ဘာလို့လဲဆိုတော့ ကိုယ့်ရဲ့ Brand က
ကိုယ့်အပေါ်မှာ မတည်ထားဘူးဆိုရင်
လူတွေက ကိုယ့် Brand ကို သစ္စာရှိတာ
မဟုတ်ပဲ ကိုယ်လုပ်ပြတဲ့အပေါ်မှာပဲ
သစ္စာရှိတယ်ဆိုတာ ဖြစ်နေလိမ့်မယ်။
ဒါက အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်။
ဒါမျိုးက နိုင်ငံတကာရဲ့ youtuber အများစုမှာ
ဖြစ်နေကြ ပြဿနာ။
သူတို့က ကိုယ်ပေါက်တဲ့အကြောင်းအရာရဲ့
ပြင်ပကို ထွက်သွားလို့မရတော့ဘူး။
ထွက်သွားတာနဲ့ ဘာတွေဖြစ်ကုန်လဲဆိုရင်
လူတွေရဲ့ အားပေးမှုက ကျသွားတယ်။
ဒါပေမဲ့ မထွက်သွားပြန်တော့လည်း
ကိုယ့်ထပ်ငယ် ကိုယ့်ထပ်တော် ကိုယ့်ထပ်လုပ်တတ်
ဒီလိုလူငယ်တွေ ပေါ်လာရင်
နေရာဖယ်ပေးရပြန်ကော။
အဲ့ဒါကြောင့် ကျနော်တို့အနေနဲ့
ပေါက်တဲ့အကြောင်းအရာတွေကို ဖန်တီးသူဆိုတာထပ် ပိုတဲ့ ပုံပြင်တွေ တည်ဆောက်လာဖို့ လိုတာ။
စဉ်းစားကြည့်ရင် တင်တွေ ရင်တွေ ရုပ်တွေက
ဘယ်လောက်ထိ ကြာကြာ ခံနိုင်မှာလဲ။
ကိုယ့်ထပ် ပိုမိုက်တဲ့သူတွေ ပေါ်လာဦးမှာပဲ။
အဲ့ချိန်ကြရင် ကိုယ့်ကို ဘယ်သူမှ
စိတ်မဝင်စားကြတော့ပဲ ဖြစ်သွားလိမ့်မယ်။
ဒါကြောင့် လုပ်နေကြထဲကနေ ဖောက်ထွက်မဲ့
အခိုက်အတန့်တွေ ကျနော်တို့ အားလုံးမှာ
လိုအပ်တာပေါ့။
အဲ့လို ဖောက်ထွက်ဖို့ လိုအပ်တဲ့အချက်တွေကို
ဖြည့်စည်းထားဖို့လည်း လိုတာပေါ့။
ဒီလို ဖြည့်စည်းခြင်းဟာ ပေါက်တယ်ဆိုတာထပ်
ပိုတဲ့ကိုယ့်ရဲ့ brand ကို ဖြည့်စည်းပြီး
ဈေးကွက်တခုအနေနဲ့ ချဲ့ထွက်လို့ ရတဲ့အဆင့်ကို
ရောက်လာမှာပါ။

လူကြီးအတော်များများက social media ကို မုန်းတယ် ဘယ်လိုမျိုးလဲဆိုတော့ တီဗီပေါ်ကာစမှာအချိန်ဖြုန်းမနေနဲ့ တီဗီက မကောင်းဘူး ပြေ...
12/10/2018

လူကြီးအတော်များများက social media ကို
မုန်းတယ် ဘယ်လိုမျိုးလဲဆိုတော့ တီဗီပေါ်ကာစမှာ
အချိန်ဖြုန်းမနေနဲ့ တီဗီက မကောင်းဘူး
ပြောကြသလိုပဲ။
အမှန်တော့ တီဗီက မကောင်းတာ မဟုတ်ဘူး။
တီဗီကြည့်တာကို အလွန်အကျွံစွဲလမ်းနေတာက
မကောင်းတာ။
Social Media နဲ့ ပတ်သက်ရင်လည်း
အဲ့လိုပဲ social media ကို သုံးတဲ့ပုံက မှားနေတာ။
ကျနော့ဘက်က ပြောနိုင်တာက social media က
ကျနော်တို့ ခေတ်ကို လွှမ်းမိုးနေပြီ
အကောင်းဘက်ကို ဘယ်လိုသွားကြမလဲပဲ
တွေးရတော့မှာ။

ပြီးတော့ Social Media ဟာ ကျနော်တို့
လူတွေရဲ့ ချိတ်ဆက်မှုက ပုံစံပြောင်းသွားတာ
သက်သက်ပဲ။
ဒါကို လက်ခံချင်ချင်မချင်ချင် ဖြစ်နေမှာပဲ။
အဲ့တော့ ကျနော်တို့ လုပ်နိုင်တာကို
အကောင်းဘက်ကို ဘယ်လိုသွားမလဲ ဆိုတာပဲ။
ဥပမာ ဒီခေတ်ကြီးမှာ social influencer
ဖြစ်ချင်တာတွေ အတော်ပေါတယ်။
ဒါက မမှားဘူး ဒါပေမဲ့ ကိုယ့်ဘက်ကနေ
ဖြစ်ချင်ရင် ဘယ်လိုအရည်အချင်းတွေ
ဖြည့်ထည့်ရမလဲဆိုတာကို လမ်းကြောင်းမှန်မှန်
သွားနိုင်ဖို့က အရေးကြီးတာ။
ဆိုလိုတာက လူငယ်တွေအနေနဲ့ ဥပမာကောင်းတွေ
ရှိထားဖို့ လိုတယ်။
ဒီ ဥပမာကောင်းတွေက တဆင့် အတုယူပြီး
သင်ယူသွားရမှာ။
မဟုတ်ရင် Lifestyle Influencer ဆိုပြီး
တံဆိပ်အတုတွေဝတ် မနက်ကိုးညငါး အလုပ်လုပ်
လကုန်ရင် ဘိုင်ပြတ် အကြွေးဗလပွနဲ့သမားက
ရောင်းသမျှ ခံနေရလိမ့်မယ်။
ဒီနေရာမှာ ပြောရမှာက influencer ဆိုတာနဲ့
ပရိုဖက်ရှင်နယ်နဲ့ ထပ်တူကြီး မကျဘူး။
ဆိုလိုတာက ဖော်ချွတ်မော်ဒယ်တယောက်က
ပိုက်ဆံမရှိလို့ ဘေထုတ်ဝယ်ဝတ်ပြီး
ဓာတ်ပုံအရိုက်ခံတာ အပြစ်မဟုတ်ဘူး။
ဒါပေမဲ့ အဲ့လိုနေရတာ ပျော်ဖို့ကောင်းတယ်ဆိုပြီး
လိုက်ရောင်းနေမှ ပြဿနာ။

ကျနော့အနေနဲ့ဆိုရင်လည်း
လူငယ်တွေကို social influencer သီးသန့်
လုပ်မယ်ဆိုရင် အရမ်းကြီး အားမပေးချင်ဘူး။
ဘာလို့လဲဆိုတော့ ဝမ်းစာက အရေးကြီးတယ်။
နမူနာတခုပြောရရင် မနေ့ကတင်
Beauty Blogger တယောက် ကော်ဖီဆိုင်မှာ
တွေ့တယ် blog လုပ်ဖို့ ဓာတ်ပုံထိုင်ရိုက်နေတာ
ချွေးတလုံးလုံးနဲ့ အတော်လေး အချိန်ကြာတယ်။
ဒါတောင် ဓာတ်ပုံပဲ ရှိသေးတာ content ပိုင်း
မပါသေးဘူး။
အဲ့တော့ ဒီလူတွေအကုန်လုံးမှာလည်း
တဖက်က ပြောရမယ်ဆိုရင် ဝမ်းစာလိုတယ်။
နောက်တဖက်ကပြောရင် ဝမ်းစာရှိတယ်ဆိုတာ
ပြတတ်ဖို့ လိုပြန်ကော။
အဲ့လို ပြတတ်ဖို့ဆိုတာ လူတွေကို စွဲဆောင်နိုင်တဲ့
အပေါ်ယံတွေပါ ပေါင်းထည့်န်ုင်ရမယ်။
ဟင်းတပွဲလိုပေါ့ စားကောင်းရမယ်
ကြည့်ကောင်းရမယ် အနံ့ကောင်းရမယ်ပေါ့။
အဲ့လို လုပ်ဖို့ဆိုတာ ကိုယ့်ရဲ့အကန့်အသတ်တွေကို
တွန်းထုတ်သွားနိုင်ဖို့ အရေးကြီးတယ်။
တချို့က အရမ်းအရည်အချင်း ရှိတယ်
ဒါပေမဲ့ ရှိကြောင်း မပြတတ်ဘူး။
အဲ့အတွက် ပြခွင့်ရမဲ့နေရာလိုတယ်။
ပြီးရင် ပြပြီးတဲ့နောက်မှာ သူတို့အနေနဲ့
ဝင်ငွေ ရှိဖို့ လိုတယ်။
ဒါအတွက် ကျနော်တို့က ဖန်တီးပေးဖို့လိုတယ်။
အဲ့အတွက် ကျနော်တို့က နိုင်ငံတကာက
နာမည်ကြီး Brand တွေကို လက်တွဲလုပ်ဖူးတဲ့
ဓာတ်ပုံဆရာ/social influencer နဲ့ တွဲပြီး
ပွဲတပွဲ စီစဉ်ဖို့ ပြင်ဆင်ထားတယ်။
အဲ့မှာ ဖက်ရှင်ဘရမ်းတွေလည်း ပါမယ်။
Social Media ပေါ်မှာ ပြန်တင်လို့ကောင်းမဲ့
အငွေ့အသက်တွေ ဖန်တီးထားမယ်။
ပြီးတော့ နိုင်ငံတကာတံဆိပ်တွေ မော်ဒယ်တွေကို
ဓာတ်ပုံရိုက်ဖူးတဲ့သူနဲ့ တွဲပြီး အလုပ်လုပ်ခွင့်ရမယ်။
ဒီကနေ နောက်ထပ်လမ်းကြောင်းတွေ
ပွင့်လာမယ်လို့ ကျနော်တို့က ယူဆထားတယ်။
ကျနော်တို့အနေနဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ
Urban86 ရဲ့ မြေညီထပ် 30,000 Sqfts နေရာ
အကျယ်ကို ငှါးပြီး လုပ်ဖို့ ရှိတယ်။
ပါဝင်ချင်တဲ့သူများ၊brands များ ပါဝင်ကြဖို့
ဖိတ်ခေါ်ပါတယ်။
အသေးစိတ်ကို The Moment Page ကနေ
ဆက်တင်သွားဖို့လည်း ရှိပါသေးတယ်။

ကားဟောင်းလေးတွေထဲမှာ ဒီကားကတော့ အတော်ကြိုက်တဲ့ထဲပါတယ်။ဒီကားကြည့်ပြီးတော့ ကျနော့အတွက်ပြန်ပြီး အသုံးချစရာ ပြောစရာတွေ ပါလာတ...
03/10/2018

ကားဟောင်းလေးတွေထဲမှာ ဒီကားကတော့
အတော်ကြိုက်တဲ့ထဲပါတယ်။
ဒီကားကြည့်ပြီးတော့ ကျနော့အတွက်
ပြန်ပြီး အသုံးချစရာ ပြောစရာတွေ ပါလာတယ်။
ဒီနေရာမှာ ဇာတ်ကြောင်း မသိတဲ့သူကို
နည်းနည်း ရှင်းပြရရင် ဒီဇာတ်လမ်းက
ဈေးဝယ်ကြမ်းတဲ့ကောင်မလေးက
ရင်းနှီးမြှုပ်နှံ့မှုဆိုင်ရာ မဂ္ဂဇင်းမှာ
ကော်လံစားလုပ်တယ်။
လူတွေကို အသေးစားငွေကြေးစီမံ့မှုအကြောင်း
အကြံပေးတယ်။
ဒါပေမဲ့ သူကတော့ အကြွေးတွေ
ပတ်လည်ဝိုင်းနေတယ်။
အဲ့အကြောင်းကို ရိုက်ထားတာ။
ဒါပေမဲ့ ကျနော် ပြောချင်တာက ဒီကားကနေ
ကျနော်တို့ ဘာတွေ အတုယူလို့ ရလဲ?

၁။ ကိုယ်ပိုင်ဟန်ရှိဖို့ လိုတယ်။

ခင်ဗျားရဲ့ contentတွေကို ခင်ဗျားဖန်တီးတာမို့လို့
ခင်ဗျားရဲ့ ပရိသတ်က စားသုံးတာဆိုတာ
သိဖို့ လိုတယ်။
အဲ့တော့ ခင်ဗျားက ကိုယ်ပိုင်ဟန်ဆိုတာကို
မဖြစ်မနေ ဖော်ထုတ်ရမယ်။
ဆိုလိုတဲ့သဘောက လူတိုင်းက သြဇာလွှမ်းခံရတာမျိုးရှိတတ်တယ်။
ဥပမာ ကျနော်ဆိုရင် မြင့်သန်းရေးဟန်ကို
အတော်ကြိုက်တယ်။
ဒါပေမဲ့ မြင့်သန်းလေအတိုင်း လိုက်ရေးနေရင်
စက္ကန်းမြင့်သန်းပဲ ဖြစ်မှာပဲ။
အဲ့ဒါကြောင့် ကိုယ်ပိုင်ဟန်ဆိုတာ ရှိရတာ။
အဲ့တော့ ကိုယ့်ရဲ့ကိုယ်ပိုင်ဟန်နဲ့ပဲ content ကို
ဖန်တီးတာ အကောင်းဆုံးပဲ။
ကိုယ်ဘာကို ယုံလဲ အဲ့ကနေ ဖန်တီး။
စော်ကြည်တယ်လို့ တကယ်ယုံရင်
စော်ကြည်တဲ့အကြောင်းကို content ရေးတာ
ကိစ္စမရှိပေမဲ့ ပိုင်းလုံးခဲ့ပြီးမှ စော်ကြည်ဘဲအထာ
ဖမ်းရင်တော့ လူတကာ ရယ်ခံရဖို့ပဲ ရှိတယ်။
အဲ့ဒါဆိုရင် ကျနော်တို့အနေနဲ့
ကိုယ်ပိုင်ဟန်ကို ဘယ်လိုတည်ဆောက်ရမလဲ?

၂။ သူများအတွက်ကို ကိုယ်လေသံနဲ့ ပြောပါ။

ခင်ဗျားရေးတာက ခင်ဗျား ဖတ်ဖို့ ရေးတာမဟုတ်သလို ခင်ဗျားအနေနဲ့ အကျိုးအမြတ်တခုခုရဖို့
သီးသန့်လုပ်နေတာလည်း မဟုတ်ပြန်ဘူး။
ဆိုလိုတာက တွေးကြည့်ဗျာ။
အဲ့ဒါကြောင့် ခင်ဗျားအကြောင်းပြောတဲ့အခါ
သောက်ရမ်းကြီးတော်ပြီး ခပ်မိုက်မိုက်ဘဲတပွေလို
ကြွားလုံးထုတ်နေလို့ ရတယ်။
အဲ့နည်းလမ်းက အလွယ်ဆုံးဆိုပေမဲ့
ဖြစ်နိုင်ရင် သူကြားချင်တာ ဘာလဲ
ဒါကို ကိုယ့်လေသံနဲ့ ကိုယ်ပြောတတ်သလို
အရင် သူ့အတွက်ပြောကြည့်ပေးတာ
ပိုကောင်းတယ်။
ဥပမာ ခင်ဗျားက အခုချိန် ဆယ်သိန်းရှာနိုင်တယ်
ဒါကို ကြွားပလိုက်လို့ရတယ်။
ဆယ်သိန်းမရှာနိုင်သူတွေ အထင်ကြီးမယ်။
ဒါပေမဲ့ လုပ်လို့ရသေးတာက
ဆယ်သိန်းရှာနိုင်ဖို့ ကိုယ့်တုံးက ဘယ်လိုလုပ်ခဲ့တယ်
ဘယ်လို မျှော်လင့်ချက်တွေ ထားခဲ့တယ်
ဘယ်လို တည်ဆောက်ခဲ့တယ်
ဒီထဲကမှ ခင်ဗျားအနေနဲ့ သူတို့ ဘာယူသုံးလို့
ရနိုင်တယ်ဆိုတာကို ပြောတာ ပိုမကောင်းဘူးလား။
ဟောပြောပွဲတပွဲက အရမ်းအောင်မြင်တဲ့
စီးပွားရေးသမား ဟောပြောပွဲတက်ဖူးတယ်။
သူက အရမ်းဆင်းရဲခဲ့တာပြောတယ်
ပြီးတော့ လုပ်ငန်းကြီးသွားတဲ့အချိန်
ဘယ်လို လုပ်ငန်းခွင်ယဉ်ကျေးမှု
ပြောင်းလဲပြောတယ်။
ဟုတ်ကဲ့ ကျနော်တို့ သိချင်တာက
ဆင်းရဲတာလည်း မဟုတ်
ချမ်းသာတာလည်းမဟုတ်
ဆင်းရဲတာကနေ ဆိုင်လေးတဆိုင်ကနေ
နှစ်ဆိုင်ဖြစ်အောင် ဘာတွေလုပ်ခဲ့ရလဲပဲ။
အဲ့တော့ သူတို့အတွက်ပြော
ကိုယ်ပြောတတ်သလိုပြောရမယ်။
ဒီကနေမှ သူတို့ နားဝင်အောင် ဘယ်လိုပြောမလဲ?

၃။ သူတို့ နားလည်မဲ့ ဘာသာစကားနဲ့ပြော။

ဒီကားထဲမှာဆို ရင်းနှီးမြှုပ်နှံ့မှု စကားလုံးတွေက
မိန်းမတွေနဲ့ ဝေးတယ်။
ဒါပေမဲ့ မင်းသမီးက မိန်းမတွေ နားလည်လွယ်မဲ့
ဈေးဝယ်တဲ့အခါ စဉ်းစားတဲ့အခေါ်အဝေါ်တွေနဲ့
ဖလှယ်ပြီး ရေးသွားတာ အဲ့ဒါကြောင့်
မိန်းမတွေက ဖတ်ကြတာ။
ဒါကို ကျနော်တို့အနေနဲ့လည်း အမြဲပြောရတယ်။
ဥပမာပေးရရင် နည်းပညာပွဲတပွဲတက်ဖူးတယ်။
အဲ့ဘဲက နည်းပညာအကြောင်း
coding language တွေအကြောင်း ပြောပြီး
ဒစ်ဂျစ်တယ်ပြောင်းဖို့ ပြောတယ်။
ကျနော် တလုံးမှ နားမလည်လိုက်ဘူး။
ပွဲပြီးတော့ သွားမေးတယ် ကျနော့အဖေ
စက်ရုံအတွက်။
သူက တခွန်းပဲ ပြောလိုက်တယ်
Digital Transformation လုပ်ရင်
စက်တွေအကုန်လုံးက automated ဖြစ်ပြီး
လုပ်ငန်းက effective ပိုဖြစ်လာမယ်တဲ့။
ဒီအတွက် သူက digital transformation ကို
Setup လုပ်နေတာတဲ့။
ကျနော် စကားလုံးတွေကို နားလည်တယ်။
ဒါပေမဲ့ စက်ရုံတခုမှာ အလုပ်လုပ်ဖူးတဲ့
သူတယောက်အနေနဲ့ သူပြောတဲ့ဘာသာစကားကို
မြင်ယောင်ကြည့်လို့ မရဘူး။
အဲ့တော့ အရေးကြီးတာက ကိုယ့်ရဲ့ ပရိသတ်
နားလည်မဲ့ ဘာသာစကား သုံးဖို့လိုတယ်။
အဲ့လို သုံးတိုင်းကော အလုပ်ဖြစ်လား?
မဖြစ်ဘူး။ ဘာလို့လဲ?

၎။ ကိုယ်ယုံကြည်ရာကို ပြောပါ။

ကိုယ်တကယ် ယုံလား။
ဥပမာ ကျောင်းထွက်ပြီး အလုပ်လုပ် ချမ်းသာမယ်
အဲ့လို တကယ်ယုံလား အကြံပေးကြည့်။
ခင်ဗျားရဲ့ တကယ့်ယုံကြည်မှုကို ခံစားရမယ်ဆို
သူတို့ လိုက်လုပ်လိမ့်မယ်။
အဲ့လို မဟုတ်ဘူးဆိုရင် ဘယ်သူမှမယုံ။
အခု နိုင်ငံတကာက social influencer တွေရဲ့
ပြဿနာက အဲ့ဒါပဲ။
သူတို့ မပျော်ကြပေမဲ့ ပျော်ချင်ယောင်ဆောင်နေကြ
ဘာလို့လဲဆိုတော့ အပြုသဘောဆောင်တဲ့
အငွေ့အသက်ဆိုတဲ့ တံဆိပ်အောက်မှာ
ကောင်းကောင်း ပိုက်ဆံရှာခဲ့တာကိုး။
သူတို့က မပျော်ပါဘူးဆိုတာကို လူသိခံလိုက်ရင်
တသက်လုံး ရောင်းခဲ့သမျှ လစ်သွားမှာပေါ့။
မြန်မာနိုင်ငံကြတော့ ပြောင်းပြန်
ကိုယ်က ကိုယ့်ဘဝကိုယ်တောင် နေရမပျော်ပဲနဲ့
ကိုယ့်ဘဝနေထိုင်နည်းကို ရောင်းစားနေသူတွေက
တပုံတပင်ကြီး။ ရူးများသွားပြီလား မသိဘူး။
အဲ့တော့ အဲ့လိုဖြစ်နေရင်ကော ဘယ်လိုလုပ်ရမလဲ?

၅။ လူတိုင်းမှားတတ်တယ် စိတ်ရင်းနဲ့ တောင်းပန်။

ဒီကားမှာလည်း မင်းသမီးက အကြွေးဝိုင်းနေတာ
သိသွားတော့ ယုံကြည်မှုက ကျသွားတယ်။
ဒါပေမဲ့ မင်းသမီးအနေနဲ့ ရိုးရိုးသားသား
ဝန်ခံပြီး အမှားပြင်တော့ လူတွေက ပြန်ယုံကြ။
ဒါပေမဲ့ တကယ့်ဘဝမှာ အဲ့လောက် မလွယ်ဘူး။
ကိုယ့်ကို ယုံကြည်မှုပျောက်သွားရင်
ပြန်ရဖို့ဆိုတာ အတော်လေးကို ခက်ခဲတယ်။
အဲ့တော့ အမှားအကြီးကြီး မလုပ်ဖြစ်ခင်ကတည်းက
အချက်ပြတာလေးတွေ မြင်ရတတ်တယ်။
အဲ့ဒါကို ထောက်ပြတဲ့သူရှိရင်
ယဉ်ယဉ်ကျေးကျေး လက်ခံ နားထောင်ရတယ်။
ဒီကောင် ဟိတ်တာပါ လျှောက်ပြောနေတာပါထဲ
အကုန်လုံးပစ်ထည့်လို့ မရဘူး
အရင်နားထောင် စဉ်းစား သုံးသပ်။
အဲ့တော့မှ အမှားကြီးကို မလုပ်ဖြစ်တာ။
လူတွေက ခွင့်လွှတ်ပေးတတ်ပါတယ်။
ဒါပေမဲ့ ကိုယ့်ရဲ့တံဆိပ်ကိုပါ ထိခိုက်လာပြီဆိုရင်
ပြင်ရ အရမ်းခက်သွားလိမ့်မယ်။
ယုံကြည်မှုက အရမ်း စကားပြောတယ်။

အဲ့တော့ ကျနော့အနေနဲ့ ဘာလို့ ဒါကိုပြောလဲဆို
အွန်လိုင်းမှာ လူသိများတာက ဘာပဲဖြစ်ဖြစ်
ကောင်းတယ်လို့ ပြောရမယ်။
လူတွေက ကိုယ့်ကို ကောင်းသောအမှတ်တရတွေနဲ့
သတိရနေတာက ကိုယ်ပြောတာကို
လေးလေးစားစား နားထောင်တာက
ကိုယ့်ဘဝအတွက် အသုံးဝင်မှာပဲလေ။
ထို့ကြောင့် ကိုယ့်ဟာကိုယ် ပြင်ဆင်ပါ။
အပေါ်ယံကော အတွင်းသားကော။

Address

No. . 169, 48th Street
Yangon
11162

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

0943051072

Website

Alerts

Be the first to know and let us send you an email when Domino Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share