27/02/2024
Training မပေးမီ မေးသင့်တဲ့မေးခွန်း (၉) ခု
သင်တန်းတစ်ခုပေးဖို့အတွက် ကုန်ကျစရိတ်မှာ ငွေကြေးအပြင်၊ အချိန်တွေပါပေးရပါတယ်။ ဒါကြောင့် အဖွဲ့အစည်းတစ်ခုဟာ Training တစ်ခုကို မပေးမီ ပေးသင့်-မပေးသင့်၊ ပေးရင်လည်း ဘယ်လို Training မျိုး ပေးသင့်လဲဆိုတာကို သေသေချာချာ စဉ်းစားသင့်ပါတယ်။ အထူးသဖြင့် Training ပေးရခြင်းရဲ့ ရည်ရွယ်ချက် အကြောင်းအရင်းကို သေသေချာချာ ရှင်းရှင်းလင်းလင်းသိထားမှသာ Training ပေးရကျိုးနပ်မှာဖြစ်ပါတယ်။ အကြောင်းအရင်းကို သိရှိနိုင်အောင်၊ ပေးသင့်မသင့်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ ဒီမေးခွန်း (၉) ခုကိုဖြေကြည့်ပါ။
1. လည်ပတ်စေဖို့လား၊ ဦးဆောင်နေဖို့လား။
လုပ်ငန်းတစ်ခု အလုပ်ဖြစ်လည်ပတ် Operational ဖြစ်အောင် ပေးရတဲ့ သင်တန်းတွေရှိသလို၊ အပြိုင်အဆိုင်တွေထက် သာလွန်ဦးဆောင်နိုင်ဖို့ပေးရတဲ့ Strategic သင်တန်းတွေလည်းရှိပါတယ်။ လုပ်ငန်းရဲ့တချို့ကဏ္ဍတွေကို ပြိုင်ဖက်တွေထက် နောက်မကျအောင်ပြုလုပ်ရပြီး၊တချို့ကဏ္ဍတွေကို ပြိုင်ဖက်တွေထက် သာလွန်အောင်လုပ်ရပါတယ်။ တစ်နည်းအားဖြင့် Operational (ပြိုင်ဖက်တွေထက် နောက်မကျအောင်ပြုလုပ်မယ့်ကဏ္ဍ) နဲ့ Strategic (ပြိုင်ဖက်တွေထက် သာလွန်အောင်ပြုလုပ်မယ့်ကဏ္ဍ) ကို ကွဲကွဲပြားပြားချမှတ်ထားဖို့လိုပါတယ်။ ဒီလို ကွဲပြားတဲ့ရွေးချယ်မှုရှိမှသာ လုပ်ငန်းမှာမဟာဗျူဟာရှိတယ်လို့ဆိုနိုင်ပါတယ်။ (ဥပမာ- APPLE ရဲ့
Strategic Focus: Marketing & Branding
Operational Focus: Manufacturing & Pricing ဆို XIAOMI က ပြောင်းပြန် Strategic Focus: Manufacturing & Pricing
Operational Focus: Marketing & Branding)
2. ရေရှည်အတွက်လား-ရေတိုအတွက်လား။
တချို့ သင်တန်းတွေ (ဥပမာ- leadership development) က ရေရှည်မှ အကျိုးအမြတ်များကိုခံစားရပြီး၊ တချို့ (ဥပမာ- sales training) ကတော့ လက်ငင်းအကျိုးရှိသွားတာလည်းရှိပါတယ်။ Training Plan မှာ အထက်ကပြောတဲ့ Operational နဲ့ Strategic training တွေကို ကြိုထည့်ထားဖို့လိုပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်အခြေအနေကပြောင်းသွားလို့ လိုအပ်လာတဲ့ Training တွေလည်းထပ်ပေါ်ပေါက်လာနိုင်ပါတယ်။ (ဥပမာ- Covid ကြောင့်လိုအပ်လာတဲ့ training မျိုး)
3. လျှော့ချဖို့လား-တိုးပွါးဖို့လား။
တချို့ သင်တန်းတွေ (ဥပမာ- Safety နဲ့ Compliance Training) က ဆုံးရှုံးနိုင်ခြေ (Risk) တွေကို လျှော့ချပေးပြီး၊ တချို့ (ဥပမာ- Sales Training) က Profit အမြတ်အစွန်း နဲ့ Market Share ကို ပိုများစေပါတယ်။
4. ကျစ်လစ်ဖို့လား-ထူးကဲဖို့လား။
တချို့သင်တန်းတွေ (ဥပမာ- Kaizen) က လုပ်ငန်းလည်ပတ်မှုကို ကျစ်လစ် Efficient ဖြစ်စေပြီး၊ တချို့က (ဥပမာ- Customer Experience Design) ပြိုင်ဖက်တွေထက် သာလွန်ထူးကဲစေပါတယ်။
5. ကုသဖို့လား-ကာကွယ်ဖို့လား။
တချို့သင်တန်းတွေက ဖြစ်ပြီးသော ပြဿနာတွေကို ကုသရေး (ဥပမာ- ဌာနအချင်းချင်း ပြဿနာဖြေရှင်းနည်း Conflict Resolution) ဖြစ်ပြီး၊ တချို့က မဖြစ်ကာမီကြိုတင်ကာကွယ် ဖို့ (ဥပမာ- ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်နည်း Collaboration) အတွက် လိုအပ်ပါတယ်။
6. အဟောင်းလား-အသစ်လား။
တချို့သင်တန်းတွေက သိပြီးတဲ့အရာတွေကို ပြန်နွှေးပေးတာမျိုး၊ Awareness မြှင့်ပေးတာမျိုး (ဥပမာ- Cybersecurity) ဖြစ်ပြီး၊ တချို့ကတော့ အသစ်သစ်တွေ (ဥပမာ- Data Analysis Using AI) ကို သင်ကြားပေးပါတယ်။
7. အပျော့လား-အမာလား။
တချို့သင်တန်းတွေက Soft Skill လို့ခေါ်တဲ့ သိမ်မွေ့တဲ့ လူမှုဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှု (ဥပမာ- Stakeholder Management) တွေကို သင်ကြားပေးပြီး၊ တချို့ကတော့ Hard Skill လို့ခေါ်တဲ့ နည်းပညာဆိုင်ရာကျွမ်းကျင်မှု (ဥပမာ- Coding) တွေကို သင်ကြားပေးပါတယ်။
8. အကျိုးအမြတ်ကိုဘယ်လို တိုင်းတာမလဲ။
သင်တန်းတစ်ခုရဲ့ ကုန်ကျစရိတ်ထဲမှာ ငွေကြေးအပြင်၊ အချိန်တွေပါ ပေးရပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေ များတဲ့အတွက် ပြန်ရမယ့် အကျိုးအမြတ် (Return On Investment, ROI) ကို တွက်ကြည့်ဖို့လိုပါတယ်။ အထက်ကမေးခွန်းတွေကို ဖြေထားတယ်ဆိုရင် Training အတွက် သင့်တော်တဲ့ KPIs တွေကို ချမှတ်နိုင်မှာဖြစ်ပါတယ်။ Training ရဲ့ထိရောက်မှုကို တိုင်းတာတဲ့အခါ သင်တန်းမှာပါဝင်တဲ့သူတွေကနေ ကောက်ခံတဲ့ feedback ကလုံလောက်မှုမရှိပါဘူး၊ လုပ်ငန်းအပေါ်သက်ရောက်မှုကို ပါတွက်ဆဖို့လိုပါတယ်။
9. လုပ်ငန်းခွင်မှာ ပြန်အသုံးချခွင့်အတွက် အားပေးတိုက်တွန်းမှုရှိပါသလား။
HR ကတက်ဖို့ အကြောင်းကြားလို့ တက်လိုက်တယ်၊ ပြန်သုံးဖို့စိတ်မကူး သို့မဟုတ် တက်ရောက်သူရဲ့အထက်လူကြီးက ပြန်သုံးဖို့ တိုက်တွန်းမှုမရှိရင်တော့ သင်တန်းတက်တာဟာ အကျိုး ရှိသင့်သလောက်မရှိပါ။ ကျွမ်းကျင်မှု တစ်ခုဟာ အသုံးမပြုရင် အလဟဿဖြစ်ပါတယ်၊ “Use it, or lose it” ဖြစ်ပါတယ်။
ဒီအကြောင်းကိုရေးဖြစ်တဲ့အကြောင်းကတော့- ပြီးခဲ့တဲ့တစ်ပါတ်က SkillEdge Academy ရဲ့ Sales Skills Intensive Training ရဲ့ နောက်ဆုံး စတုတ္ထနေ့မှာ သင်တန်းရဲ့ အရှေ့ရက်သတ္တပါတ်ကပေးခဲ့တဲ့ ကျွမ်းကျင်မှုနဲ့နည်းစနစ်တွေကို လုပ်ငန်းခွင်မှာ ဘယ်လိုလက်တွေ့အသုံးချဖြစ်သလဲလို့ သင်တန်းမှာပါဝင်တဲ့သူတွေကို မေးတော့...
ပါဝင်သူ Participants တွေတချို့က သင်တန်းမှာပါဝင်တဲ့ (Objection Handling) နည်းစနစ်ကို သုံးပြီး သူတို့ဆီဆက်ပြီးဝယ်ယူဖို့မသေမချာဖြစ်နေတဲ့ High-value Customer တစ်ယောက်ကို ဆက်ပြီးဝယ်ဖြစ်အောင် ထိန်းသိမ်းထားနိုင်တဲ့အကြောင်းကို မျှဝေပေးခဲ့ပါတယ်။ ဒါကြောင့်အဲ့ဒီ Training အတွက် ရင်းနှီးမြုပ်နှံမှုတွေကနေ ပြန်ရမယ့် အကျိုးအမြတ် (Return-On-Investment ROI) က ချက်ချင်းလက်ငင်း အကျိုးဖြစ်ထွန်းတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ တချို့ Training တွေက ရေရှည်အတွက်ရည်ရွယ်ပြီး ပေးရတာတွေလည်းရှိတာကြောင့်၊ Training ပေးတဲ့ အခါမှာ ROI ကောင်းဖို့၊ Training ပေးရကျိုး နပ်ဖို့အတွက် စဉ်းစားသင့်တဲ့အရာတွေကို မျှဝေပေးခြင်းဖြစ်ပါတယ်။
စိုင်းဝန်းဆိုင်
Feb 26, 2024
Photo: Sales Skills Intensive Training တွင် participant တစ်ယောက်မှ sales pitch ပြုလုပ်နေပုံ
&D