17/04/2020
Crd; စာရေးဆရာမ ညေး
ဟိုနေရာ lockdown
ဒီနေရာ homestay
ငါတို့လို ဆင်းရဲသား..ဘယ်လမ်းရွေးရမလဲ?
trace ကိုလိုက်တော့
အစာအိမ်၄လုံးကို တွေ့တယ်
သားရယ်..သမီးရယ်
အိမ်ကမိန်းမရယ်..
လူမရှိတဲ့လမ်းပေါ်..
ပုရစ်ကြော် ထိုင်ရောင်းနေရတဲ့ ငါရယ်။
ဗိုင်းရပ်စ်နဲ့ လူသား
စစ်မက်ဖြစ်ပွားနေမှန်း သိတယ်။
နှာခေါင်းစီး မဝယ်နိုင်လို့
ရတနာ့သုတ်ပဲ ထိုင်ရွတ်နေရတယ်။
အိမ်တွင်းပုန်းဖက်ရှင်များ
ခေတ်စားလိုက်ပုံက
လူကုံထံအထက်တန်းလွှာ
foodpandaဖွင့်ပြီး
ကြိုက်တာမှာစား
ကျသလောက်ရှင်း
မောတော့ ရေကူးကန်ထဲ ရေဆင်းစိမ်
ကမ္ဘာကြီးဟာ မိုးတိမ်အပြည့်နဲ့ ရှုမျှော်ခင်းလို
ဖုန်းလေး ပွတ်ကြည့်နေရုံ..
နေကောင်းရဲ့လား
အပြင်မထွက်ကြနဲ့နော်။
လောကဓံဆိုတာ ၈ပါးထက်မပိုပေမယ့်
ဘယ်သူမှ မလိုချင်တဲ့
၄ပါးသော လောကဓံနဲ့
ငါတို့ အသက်ရှင်တယ်
ဒီ ပုရစ်ကြော်ဗန်းကုန်လို့
တလတာ စားစရိတ် ဖူလုံခဲ့ရင်
ဘယ်လောက်များ ကောင်းလိုက်မလဲ
ဒီကပ်ကြီး ပြီးသွားလည်း
ဒီလိုအလုပ်တွေနဲ့ပဲ
လမ်းဘေးပလက်ဖောင်းမှာ
ငါတို့ကတော့ရှိနေဦးမယ်
.ညေး/လမ်းဘေးဖလော်များ..
photo crd
(ကပ်အတွင်း ဟုမ်းမစတေးနိုင်ကြတဲ့ အခြေခံလက်လုပ်လက်စားများနဲ့ ဝန်ထမ်းများအား ဂုဏ်ပြုဖွဲ့ဆို💕)