28/08/2026
၁။ ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ပြည်ပပို့ကုန် ဆန်စပါး စိုက်ပျိုးရေးဇုန် (Rice Export Zone – REZ ) ဆောင်ရွက်ရန် အတွက် မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမီတက် (MAPCO Group) မှ ဇုန် (၅) ဇုန် သတ်မှတ်ဆောင်ရွက်ပြီး အဆိုပါ ဇုန်များတွင် ပါဝင်သည့် တောင်သူလယ်သမား ( ၅၄၉) ဦးအတွက် စပါး စိုက်ပျိုးစရိတ်အဖြစ် တစ်ဧကလျှင် ကျပ်(၂)သိန်းနှုန်း နှင့် ဧက (၁၀၀)လျှင် Seeder (၁)လက်စီ ပံ့ပိုးပေးအပ်ပွဲ အခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၅)ရက်နေ့တွင် MAPCO နေပြည်တော် ဆန်စက်နှင့် ဖွဲနုဆီစက်ရုံ၌ကျင်းပခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ စက်မှု နှင့် အသေးစား အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ စက်မှု နှင့် အသေးစားအငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ၊ နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြပါသည်။
၃။ မြန်မာနိုင်ငံလယ်ယာစီးပွားရေးအများပိုင်ကုမ္ပဏီလီမီတက်(MAPCO Group) အနေဖြင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးအတွက် နိုင်ငံတော် အစိုးရ နှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် တို့၏ လမ်းညွှန်မှုများနှင့် အညီ နေပြည်တော် ကောင်စီတွင် Rice Export Zone (၅) ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဇုန် (၉) ခု၊ ရန်ကုန်တိုင်းဒေသကြီး တွင် ဇုန် (၇) ခု၊ စုစုပေါင်း ဇုန် (၂၁) ခု နှင့် စိုက်ဧက စုစုပေါင်း (၁၀၅၀၄) ခု တို့တွင် ပြည်ပတင်ပို့မည့် ဆန်စပါးစိုက်ပျိုးရေး ကို ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။