Thant Zin

Thant Zin The page is intended to share knowledge of shipping business, maritime trade and logistics with tho

📣May လ ၁၁ ရက်ဖွင့်မယ် ရက်တိုသင်တန်းကြေညာခွင့်ပြုပါ
01/05/2026

📣May လ ၁၁ ရက်ဖွင့်မယ် ရက်တိုသင်တန်းကြေညာခွင့်ပြုပါ

ကုန်စည်ပျက်စီးပါက သင်္ဘောလိုင်းတွေက ဘယ်လိုလျော်သလဲ? အများဆုံးဘယ်လောက်ဘဲ လျော်မလဲ ?~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ပင်လ...
28/04/2026

ကုန်စည်ပျက်စီးပါက သင်္ဘောလိုင်းတွေက ဘယ်လိုလျော်သလဲ? အများဆုံးဘယ်လောက်ဘဲ လျော်မလဲ ?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပင်လယ်ရေကြောင်းဖြင့်ကုန်စည်သယ်ယူပို့ဆောင်ရာတွင် ကုန်စည်များဆုံးရှုံးပျက်စီးမှုအတွက် ကုန်သယ်ဆောင်သူ သင်္ဘောလိုင်းက ပေးလျော်ရမည့်လျော်ကြေးငွေကိုကန့်သတ်ရာတွင် ကုန်ပစ္စည်း အထုပ်ရေနှင့် ချိပ်ဆက်ထားမှုနှင့် စပ်လျဉ်း ၍ အငြင်းပွားမှုများကို မျှဝေလိုပါတယ်။

ပင်လယ်ရေကြောင်းဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရာတွင် သယ်ယူပို့ဆောင်သူ၏ ဆောင်ရွက်ရန်တာဝန်များနှင့် လျော်ကြေးပေးရန်တာဝန်များ ကင်းလွတ်ခွင့်များ ကို အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း (၃) ခုဖြစ်သော Hague Rules (1924) Hague-Visby Rules (1968) နှင့် Hamburg Rule (1978 ) တို့တွင် သတ်မှတ် ဖော်ပြထားပါသည်။ကမ္ဘာကုန်သွယ်ရေကြောင်းနိုင်ငံ ၉၀% ကျော်သည့် Hague Rule ( သို့) Hague /Visby Rule ကို အတည်ပြုဝင်ရောက်ထားကြပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံသည် Hague Rules ကိုအတည်ပြုဝင်ရောက်ထားပြီး အဆိုပါ Rules များ မြန်မာနိုင်ငံတွင်ဥပဒေကဲသို့အာဏာတည်စေရန်အတွက် မြန်မာနိုင်ငံပင်လယ်ရေကြောင်းဖြင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အက်ဥပဒေ (Carriage of Goods by Sea Act (Burma))ကို ၁၉၂၅ ခုနစ်တွင်ပြဋ္ဌာန်းခဲ့ပြီး Hague Rules များကို နောက်ဆက်တွဲဇယားဖြင့်ပြဋ္ဌာန်းခဲ့ကာ ယခုအချိန်အထိ တည်ဆဲအက်ဥပဒေဖြစ်ပါသည်။

မြန်မာနိုင်ငံရှိ ဆိပ်ကမ်း တစ်ခုခုမှ မြန်မာနိုင်ငံ ပြင်ပရှိ အခြားမည်သည့်ဆိပ်ကမ်းသို့မဆို ကုန်တင် သင်္ဘောများနှင့် ပင်လယ်ရေကြောင်းမှ ကုန်စည်သယ်ယူပို့ဆောင်ခြင်းနှင့် စပ်လျဉ်း ၍ ဤအက်ဥပဒေနှင့် နည်းဥပဒေ များသည် အကျိုးသက်ရောက်စေမည်ဟု ပုဒ်မ ( ၂) တွင်ပြဋ္ဌာန်းထားပါသည်။

သယ်ယူပို့ဆောင်စဉ် ကုန်စည်များပျက်စီးဆုံးရှုံးမှုအတွက် သယ်ယူပို့ဆောင်သူက အများဆုံး လျော်ပေးရမည့် ပမာဏကို ကုန်ပစ္စည်း တစ်ထုပ်လျှင် ( သို့မဟုတ် ) တစ်ယူနှစ်လျှင် စတာလင်ပေါင် ၁၀၀( သို့မဟုတ် ) ထိုငွေနှင့်ညီမျှသောနိုင်ငံသုံးငွေကြေးဖြင့် ပေးလျော်ရန် ကန့်သတ်ထားပါသည်။

ဤအက်ဥပဒေ ပြဋ္ဌာန်း စဉ်က ကုန်သေတ္တာများဖြင့် ကုန်စည်သယ်ယူပို့ဆောင်ခြင်းမရှိသေးသည့်အတွက် အက်ဥပဒေ တွင် ကုန်သေတ္တာ နှင့် ပါတ်သက်သည့်ပြဋ္ဌာန်းချက်မပါရှိပါ။

Hague -Visby Rules (၁၉၆၈)တွင်မှု ကုန်သေတ္တာဆိုင်ရာပြဋ္ဌာန်းချက်ကို Article lV Rule (5) C ၌ပြဋ္ဌာန်းထားရာတွင် ကုန်ပစ္စည်းစုစုပေါင်း အရေအတွက်အပြင် ကုန်သေတ္တာ အတွင်းထုပ်ပိုးထည့်သွင်းထားသည့် အတိုင်းအထုပ်အရေအတွက်ကိုပါ သင်္ဘော ကုန်တင်လက်မှတ် Bill of Lading တွင် ဖော်ပြရန်လိုအပ်ပြီး ကုန်ပစ္စည်းပျက်စီးပါက ကုန်သယ်ယူပို့ဆောင်သူ Carrier က B/L တွင်ဖော်ပြထားသည့် အထုပ်အရေအတွက်အတိုင်းတစ်ထုပ် (သို့)တစ်ယူနစ် လျှင် ၆၆၆.၆၇ SDR (1SDR= $1.4 နူန်းဖြင့်US$ 930 ခန့်)နှုန်းဖြင့် လျော်ပေးရန်ပြဋ္ဌာန်းထားပါသည်။

အကယ်၍ အထုပ်အရေအတွက်ကို မဖော်ပြထားပါက ကုန်သေတ္တာ ကိုအထုပ်( ၁)ထုပ်ဟုသာသတ်မှတ် ပြီး လျော်ပေးမည်ဖြစ်ပါသည်။သို့သော် အခြားရွေးချယ်စရာ အဖြစ် ကုန်ပစ္စည်းကို B/L တွင် ကြေငြာထားသည့်အလေးချိန်အတိုင်းတစ်ကီလိုလျှင် 2 SDR နှုန်းဖြင့် လျော်ပေး မည်ဖြစ်ပါသည်။ ကုန်ပစ္စည်းပိုင်ရှင်အနေဖြင့် အထုပ် သို့မဟုတ် အလေးချိန် များရာဖြင့် အလျော်ရမည်ဖြစ်ပါတယ်။

Article IV. Clause 5(c) of the Hague-Visiby Rules provides that “Where a container, pallet or similar article of transport is used to consolidate goods, the number of packages or units enumerated in the bill of lading as packed in such article of transport shall be deemed the number of packages or units for the purpose of this paragraph as far as these packages or units are concerned.”

လျော်ကြေး အတွက်အထုပ်သတ်မှတ်ပုံနှင့် ပက်သက်၍ ကုန်တင်ပို့သူ နှင့် သယ်ယူပို့ဆောင်သူတို့အကြားအငြင်းပွားဖွယ်ရာများဖြစ်ပေါ်လေ့ရှိပြီး တရားတဘောင်စွဲရသည်များလည်းရှိပါသည်။

၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သော Kyokuyo Co. Ltd. vs AP Moller Maersk အမှုတွင်London, Royal Court of Justice တရားရုံး၏ March 29, 2017 နေ့က ဆုံးဖြတ်ချက် ကို ဗဟုသုတအဖြစ်မျှဝေလိုပါတယ်။

ကုန်သေတ္တာ သင်္ဘော Maersk Tangier ဖြင့် တူနာငါးအပိုင်းတုံးများသယ်ဆောင်လာသည့်အအေးခန်း ကုန်သေတ္တာ ၁၂လုံးအနက်( ၃) လုံးပျက်စီးမှုအတွက် KYOKUYO Co. က Carrier ဖြစ်သူ Maersk Lineကိုလျော်ကြေးတောင်းရာ Hague-Visby Rules အရ အထုပ်သတ်မှတ်မှုနှင့် ပက်သက်၍ အငြင်းပွားကာ တရားရုံးအဆုံးအဖြတ်ကိုခံယူခဲ့ပါတယ်။ KYOKUYO Co.က တူနာငါးတစ်တုံးကို တစ်ထုပ်အဖြစ်သတ်မှတ်ပြီး ကုန်သေတ္တာ ၃ လုံးပါ တူနာငါးအတုံးအားလုံးအတွက်တစ်တုံးလျှင်SDR ၆၆၆.၆၇ နှုန်းဖြင့် (ယနေ့ ပေါက်စျေးအရ US $12,46,000) တောင်းခံခဲ့ပါသည်။ Maersk Line မှ ကုန်သေတ္တာ တစ်လုံးကိုတစ်ထုပ်ဟုသတ်မှတ်ပြီး ကုန်သေတ္တာ ၃လုံးအတွက် တစ်လုံးလျှင်၆၆၆.၆၇SDR နူန်းဖြင့် ၂၀၀၀ SDR (US$ 2800)သာပေးလျော်နိုင်မည်ဟုဆိုပါတယ်။

ကုန်သယ်ဆောင်သူ Carrier ဘက်မှ လျောက်လဲချက်ပေးသည်မှာ တူနာငါးများကို အတုံးလိုက် (တစ်တုံးလျှင် ကီလို၂၀ မှ ကီလို ၇၀ ထိအလေးချိန်ရှိ) ထပ်မံထုပ်ပိုးခြင်းမရှိဘဲ အအေးခန်း ကုန်သေတ္တာ ထဲတွင် အပုံလိုက်ထည့်၍ သယ်ဆောင်ထားသဖြင့် ကုန်သေတ္တာ တစ်လုံး ကို တစ်ထုပ်ဟုသတ်မှတ်ပေးရန်တင်ပြပါသည်။

တရားသူကြီးMr. Andrew Baker ကဆုံးဖြတ်ပေးသည်မှာ ကုန်ပစ္စည်း တစ်ခုချင်း (Individual physical items ) ကိုပူးတွဲထုပ်ပိုးထားမှသာ အထုပ်ဟုယူဆမည်ဖြစ်ပြီး ထုပ်ပိုး ထားချင်းမရှိကုန်သေတ္တာထဲကိုထည့်သွင်းထားပါက တစ်တုံးချင်းကို သင်္ဘောတင်သည့် တစ်ယူနစ်အဖြစ်သတ်မှတ်ကြောင်း ဒါကြောင့် တူနာငါးတစ်တုံးကို တစ်ယူနစ် တနည်အားဖြင့် တစ်ထုပ်ဟုသတ်မှတ်ပြီး ကုန်သေတ္တာကို အထုပ်တစ်ထုပ်အဖြစ်မမှတ်ယူနိုင်ကြောင်း ဆုံးဖြတ်ပေးခဲ့ပါသည်။

အလားတူ၊ ကုန်စည်ပျက်စီးမှုအတွက် သင်္ဘောလိုင်းက လျော်ကြေးပေးလျော်ရန် ၁၉၅၄ခုနှစ်က ဆုံးဖြတ်ပေးခဲ့တဲ့ မြန်မာနိုင်ငံမှစီရင်ထုံးတစ်ခုကို ဖော်ပြလိုပါသည်။
China-Siam line နှင့် Nay Yi Yi store အမှုတွင် ကုန်သင်္ဘော SS Hiram သည် ၁၉၄၉ ခုနှစ် ဇွန်လ ၂၄ရက်နေ့ တွင် Promin Solution ပုံး ၈ပုံးအားကို အမှတ် ၄ ဆူးလေးဘုရားလမ်းတံတား (SPW 4) တွင်ကုန်ချခဲ့ပါတယ်။
ဆိပ်ကမ်းဂိုဒေါင်အတွင်း ၁ပုံးပျောက်ဆုံးသဖြင့် ပိုင်ရှင် ဖြစ်သူ နေရီရီ စတိုးအား ကုန်စည် ၇ပုံးသာ အပ်နှံနိုင်ပါတယ်။
ပိုင်ရှင်က ပျောက်ဆုံးသည့် Promin solution ၁ပုံး၏ တန်ဖိုး ရုပီးငွေ ၆၅၆၇ ပေးလျော်ရန် သင်္ဘောလိုင်းကို အလျော်တောင်းပါတယ်။ ဦးထွန်းဖြူနှင့် ဦးချန်ထွန်းအောင် တရားသူကြီး နှစ်ပါးထိုင် တရားလွတ်တော်ချုပ်က သင်္ဘောကုန်တင်တန်ဆာတွင် ကုန်ပစ္စည်းတန်ဖိုးဖော်ပြမထားသဖြင့် Burma Carriage of Goods by sea Act (1925) ပုဒ်မ ၄ အပိုဒ် ၅ အရ စတာလင်ပေါင် ၁၀၀ နဲ့ ညီမျှသော ၁၃၅၀ကျပ် ပေးလျော်ရန် အမိန့်ချမှတ်ထားပါတယ်
( Burma Law Reports -270, 1954)

Article IV, Clause 5 of Burma Carriage of Goods by Sea Act (1925)~
" Neither the carrier nor the shipper shall in any event be or become liable for any loss or damage to or in connection with goods in an amount exceeding ÂŁ100 per package or unit, or the equivalent of that sum in other currency, unless the nature and value of such goods have been declared by the shipper before shipment and inserted in the bill of lading"
📌 (ကုန်တင်တန်ဆာပေါ်မှာ ကုန်ပစ္စည်းတန်ဖိုးဘာလို့မဖော်သလဲ ဆိုတဲ့ ကျနော်အရင်က ရေးတဲ့ ဆောင်းပါး မဖတ်ရသေးသူတွေဖတ်ချင်လျင် ဒီ link မှာဖတ်နိုင်ပါတယ်)
https://www.facebook.com/share/1CD34aYURK/

အခြားအမှုတစ်မှုဖြစ်သော EL Greco v. Mediterranean Shipping (၂၀၀၄)အမှုတွင် B/L ပေါ်၌ "1 container said to contain 200945 pieces of poster"ဟုဖော်ပြထားရာ သြစတြေးလျ တရားရုံး မှအဆုံးအဖြတ်ပေးခဲ့သည်မှာ Hague-Visby rules အရ B/Lပေါ်တွင်ကုန်ပစ္စည်းစုစုပေါင်းအရေအတွက်သာမက ကုန်သေတ္တာ ထဲတွင်ထုပ်ပိုးထည့်သွင်းထားသည့် အတိုင်း အထုပ်အရေအတွက်ကို ပါဖော်ပြပေးရန်လိုအပ်သည်ဟုဆုံးဖြတ်ခဲ့ပါတယ်။ poster များကို ထုပ်ထားခြင်းမရှိဘဲ ကုန်သေတ္တာ အတွင်းထည့်သွင်း ထားသဖြင့် ကုန်သေတ္တာသည် ထည့်သွင်းထုပ်ပိုးစရာပုံး ဖြစ်ပြီး၊ ကုန်သေတ္တာ တစ်လုံးကို အထုပ်တစ်ထုပ်ဟု သတ်မှတ်လျော်ပေးရမည်လို့ ဆုံးဖြတ်ပေးထားပါတယ်။ (Lloyd Rep 537)

ဒါကြောင့် ကုန်တင်ပို့သူတွေအနေနဲ့ ကုန်ပစ္စည်း အသေးများကို အများအပြားတင်ပို့ရာတွင်အရေအတွက်ကိုယူနစ်ဖြင့်မဖော်ပြဘဲအလေးချိန်ဖြင့်ဖော်ပြသင့်ပါတယ်။

ဥပမာအားဖြင့် ဂျုံ စေ့များကို ကုန်သေတ္တာအတွင်းသို့ ဝမ်းပုံစနစ် (in bulk)ဖြင့်ထည့်ပြီးတင်သွင်းလာပါက ပျက်စီး ဆုံးရှုံး မှုအတွက် (HV rules အရသာ) ကုန်သေတ္တာတစ်လုံးကို အထုပ်တစ်ထုပ်ဟုသတ်မှတ်ပြီး ၆၆၆.၆၇ SDR သာ လျော်ကြေးရပါမည်။အကယ်၍ ကုန်တင်သွင်းသူက အခြားနည်းလမ်းတစ်ခုဖြစ်သော အလေးချိန် ပေါ်တွင်အခြေခံပြီး လျော်ကြေးတောင်းခဲ့ပါက တစ်ကီလိုလျှင် ၂ SDR နှုန်းဖြင့် ကုန်သေတ္တာတစ်လုံးတွင် ဂျုံ အလေးချိန် ၁၀ တန်(၁၀၀၀၀ ကီလို) ရှိသည်ဆိုပါက လျော်ကြေးငွေ ၂၀၀၀၀ SDR (၂၀၀၀၀SDR × US$1•37= US$ ၂၇၅၀၀) ရမည်ဖြစ်ပါတယ်။ ဒါပေမယ့် ဂျုံ ၁၀ တန်ဟာ US$ ၂၇၅၀၀ မတန်ပါဘူး။ ကုန်ချမယ့် ဆိပ်ကမ်းမှာ ဂျုံ ၁၀ တန် ဘယ်စျေးပေါက်သလဲ? ပေါက်စျေး အရ လျော်ပေးမှာပါ။
(ယနေ့ ၁ SDR ပေါက်စျေးမှာ ၁•၃၇ US$ ဖြစ်ပါသည် ။)

ဒါနဲ့ပါတ်သက်ပြီး Hague- Visby Rules Article IV, Rule 5(b) မှာအောက်ပါအတိုင်းဖော်ပြထားပါတယ်။
"The total amount recoverable shall be calculated by reference to the value of such goods at the place and time at which the goods are discharged from the ship in accordance with the contract or should have been so discharged.
The value of the goods shall be fixed according to the commodity exchange price, or, if there be no commodity exchange price or current market price, by reference to the normal value of the goods of the same kind and quality."

သန့်ဇင် FICS (UK)
ဧပြီလ ၂၈ ရက် ၂၀၂၆

Ref:1) Shipping Law news (19/4/2017);
2) UK P&I club circular
3) A collection of the acts of the Indian legislature and of the Governor General of the year 1925.
4) Burma Law Reports 270 (1954)

သင်္ဘောလုပ်ငန်းတွင် TEU to GDP Multiplier Ratio ဆိုတာဘာလဲ?။~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~GDP Multiplier Ratio သည် လူသ...
23/04/2026

သင်္ဘောလုပ်ငန်းတွင် TEU to GDP Multiplier Ratio ဆိုတာဘာလဲ?။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

GDP Multiplier Ratio သည် လူသိနည်းသော သဘောတရားတစ်ခုဖြစ်သည်။ သို့သော် ၎င်းကို ကွန်တိန်နာသင်္ဘောလုပ်ငန်းတွင် ဈေးကွက်အသစ်များ၏ အလားအလာကို အကဲဖြတ်ခြင်း၊ ကူးသန်းရောင်းဝယ်ရေးအစီအစဉ်များ ပြင်ဆင်ခြင်းနှင့် ရေရှည်ဗျူဟာများ ရေးဆွဲခြင်းနှင့် ယှဉ်ပြိုင်နေသော ဦးတည် ပစ်မှတ်ထားဈေးကွက်များ (target markets) အကြား ဆုံးဖြတ်ရာတွင်လည်းကောင်း၊ ငွေလုံးငွေရင်းအသုံးစရိတ် (Capital expenditure) ဦးစားပေးခွဲဝေမှုကိုဆုံးဖြတ်ရာတွင်လည်းကောင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။

အနှစ်ချုပ်အားဖြင့် ၎င်းသည် စီးပွားရေးအသုံးအနှုန်းတွင် အသုံးများသော Trade Multiplier Ratios ၏ မျိုးကွဲတစ်ခုဖြစ်ပြီး ကုန်သေတ္တာသင်္ဘောလုပ်ငန်းတွင် မကြာခဏရည်ညွှန်းလေ့ရှိသည့် အချိုး တစ်မျိုးဖြစ်ပြီး၊ သင်္ဘောကုမ္ပဏီများ၏အမှုဆောင်အရာရှိများသည် မည်သည့်နိုင်ငံ သို့မဟုတ် မည်သည့်ဒေသ (သို့မဟုတ် ကမ္ဘာလုံးဆိုင်ရာအဆင့်) တွင် ကုန်သေတ္တာသင်္ဘောပြေးဆွဲကုန်သွယ်မှုအတွက် အလားအလာများကို တွက်ချက်ရန် ဤအချိုးကို ကိုးကားလေ့ရှိပါတယ်။

သင်္ဘောလိုင်းလုပ်ငန်းအတွက် အသုံးများသော တိုင်းတာမှုတစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ GDP တိုးတက်မှုနှင့် ကုန်သေတ္တာကုန်သွယ်မှု တိုးတက်မှုကြား ဆက်နွယ်မှုဖြစ်ပါတယ်။ (ကမ္ဘာတစ်ဝှမ်းရှိ ဆိပ်ကမ်းများတွင် ကိုင်တွယ်သော ကုန်သေတ္တာအရေအတွက်~ container throughput ဖြင့် တိုင်းတာပါတယ် )။ ၎င်းကို ကုန်သေတ္တာကုန်သွယ်မှု/GDP ​အချိုး သို့မဟုတ် teu/ ကုန်သေတ္တာကုန်သွယ်ရေးတိုးတက်မှုနူန်း မြှောက်ကိန်းအချိုးအဖြစ် လူသိများပါတယ်။

ဤအချိုးသည် နိုင်ငံတစ်ခု၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှူ နှင့်ဝန်ဆောင်မှု တန်ဖိုး GDP (Gross Domestic Product) တိုးတက်မှုနှုန်းနှင့် ထိုနိုင်ငံ၏ ကုန်သေတ္တာကုန်သွယ်မှုတိုးတက်မှုနှုန်းကြား ဆက်နွယ်မှုကို ဖော်ပြသည့်အချိုးဖြစ်ပါတယ်။

ဥပမာပေးရလျှင် နိုင်ငံတစ်နိုင်ငံ၏ GDP သည် တစ်နှစ်လျှင် ၁၀% တိုးတက်ပြီး ထိုနိုင်ငံ၏ ကုန်သေတ္တာကုန်သွယ်မှုသည် ၁၅% တိုးတက်ပါက ၎င်း၏ GDP Multiplier Ratio သည် ၁.၅ ဖြစ်မည်ဖြစ်ပြီး၊ ကုန်သေတ္တာသင်္ဘောကုမ္ပဏီ၏ ကုန်သေတ္တာကုန်သွယ်မှုသည် ထိုနိုင်ငံ၏ GDP ထက် ၅၀% ပိုမိုမြန်ဆန်စွာ တိုးတက်နေကြောင်း ညွှန်ပြပါတယ်။

အလားတူပင်၊ အခြားနိုင်ငံတစ်ခု၏ GDP တိုးတက်မှုနှုန်းသည် ၁၀% ရှိပြီး ထိုနိုင်ငံ၏ ကွန်တိန်နာကုန်သွယ်မှုမှာ ၂၀% တိုးတက်ခဲ့သည်ဆိုပါစို့။ ထိုကိစ္စတွင် GDP Multiplier Ratio သည် ၂ ဖြစ်ပြီး၊ ဒုတိယနိုင်ငံသည် ကုန်သေတ္တာကုန်သွယ်မှုပမာဏအရ အလားအလာပိုမိုကောင်းကြောင်း ညွှန်ပြပါတယ်။ ကုန်သေတ္တာသင်္ဘောကုမ္ပဏီအနေဖြင့် ထိုနိုင်ငံ နှစ်ခုအနက် GDP Multiplier Ratio ပိုများသော ဒုတိယဆိပ်ကမ်းကို သင်္ဘောအစီးရေတိုးပြီးပြေးဆွဲရန် ဆုံးဖြတ်ပါလိမ့်မယ်။

ယေဘုယျအားဖြင့် နိုင်ငံတစ်နိုင်ငံ၏ GDP နှင့် ထိုနိုင်ငံ၏ ပို့ကုန်နှင့် သွင်းကုန်များအကြား တိုက်ရိုက်အပြုသဘောဆောင်သော ဆက်စပ်မှုရှိပါတယ်။

GDP မြင့်မားသော နိုင်ငံများသည် ပိုမိုများပြားသော ကုန်သွယ်မှုပမာဏ ပိုမိုများပြားမှာဖြစ်ပြီး၊ GDP နိမ့်သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင်မူ နိုင်ငံတကာ ကုန်စည်စီးဆင်းမှုဟာ အလွန်နည်းပါးမည်ဆိုသာ သိသာထင်ရှားပါတယ်။

ပို့ကုန်ကိစ္စမှာ GDP မြင့်မားတဲ့နိုင်ငံဟာ ထုတ်လုပ်ရေးကဏ္ဍပိုမိုကြီးမားဖို့များပြီး ပို့ကုန်တွေပိုများမယ်လို့ဆိုလိုပါတယ်။

အလားတူပဲ GDP မြင့်မားခြင်းဟာ တစ်ဦးချင်းဝင်ငွေမြင့်မားမှုနဲ့ ဝယ်ယူနိုင်စွမ်း purchasing power မြင့်မားမှုကိုလည်း ညွှန်ပြနေပြီး၊ကုန်ပစ္စည်း တင်သွင်းလိုမှုပိုမိုများပြားလာစေမှာဖြစ်ပါတယ် ။

ဆန့်ကျင်ဘက်အနေနဲ့ GDP နိမ့်တဲ့နိုင်ငံတွေမှာဆိုရင် ပို့ကုန်ကုန်စည်ပမာဏဟာ အတော်လေးနိမ့်ကျဖွယ်ရှိပြီး၊ ပို့ကုန်များဟာလည်း၊ တန်ဖိုးနည်းကုန်စည်တွေ ဒါမှမဟုတ် ကုန်ကြမ်းတွေဖြစ်လို့ ကုန်သေတ္တာထဲထည့် တင်ပို့မယ့်အစား အစုလိုက်အပြုံလိုက် သင်္ဘောဝမ်းပုံစံနစ် bulk carrier ဖြင့် သယ်ယူပို့ဆောင်နိုင်ပါတယ်။ ထိုနိုင်ငံက လူဦးရေရဲ့ သုံးစွဲနိုင်စွမ်း အားနည်းတာကြောင့် ကုန်ပစ္စည်းတွေ တင်သွင်းဖို့ အလားအလာလည်း နည်းပါးပါလိမ့်မယ်။ ထိုနိုင်ငံ၏ ကုန်သေတ္တာကုန်သွယ်မှု (container throughput) ဟာလည်း နည်းမှာဖြစ်ပါတယ်။

ထို့ကြောင့် GDP Multiplier Ratio သည် GDP နှင့် ကုန်သေတ္တာကုန်သွယ်မှုကြား အပြုသဘောဆောင်သော ဆက်စပ်မှု မည်မျှအားကောင်းသည်ကိုဖော်ပြပြီး၊ ထိုနိုင်ငံတွင် ကုန်သေတ္တာကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်မှုတွင် ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းများကို တိုင်းတာပေးပါတယ်။

ဤအချိုးသည် ကုန်သေတ္တာ သင်္ဘောလိုင်းများ စီမံခန့်ခွဲရာတွင် မည်သည့်ဈေးကွက်များကို ဝန်ဆောင်မှုပေးရမည်နှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ချရာတွင် အသုံးပြုသော စံနှုန်းများထဲမှ တစ်ခုဖြစ်သည်။ ရေရှည်တွင် သင်္ဘောလိုင်း ပြေးဆွဲဖို့ အာရုံစိုက်သင့်သည့် နိုင်ငံ/ဒေသများအပေါ် မဟာဗျူဟာမြောက် ရွေးချယ်မှုများ ပြုလုပ်ရာတွင်လည်း အသုံးပြုသည်။

၁၉၇၀ ခုနှစ်များမှ ၂၀၀၀ ခုနှစ်များနှောင်းပိုင်းအထိ ကုန်သွယ်မှုများတွင် ကုန်သေတ္တာအတွင်းထည့်သွင်းပို့ဆောင်မှုကိုအလျင်အမြန် တိုးချဲ့မှုကြောင့် GDP Multiplier ratio ဟာ ကြီးမားခဲ့ပါတယ်။ ရလဒ်အနေဖြင့် ကုန်သေတ္တာများအတွက် လိုအပ်ချက်သည် ကုန်သွယ်မှုတိုးတက်မှုထက် ပိုမိုမြန်ဆန်သောနှုန်းဖြင့် ကနဦးတွင် rstio ဟာ ကြီးထွားလာခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေး၏ ကမ္ဘာလုံးဆိုင်ရာ ပေါင်းစပ်မှု Gloalization၊ ကုန်သွယ်ရေးလွတ်လပ်မှုTrade liberalization ကြောင့် ၀ယ်လိုအား မြင့်တက်လာသည်နှင့်အမျှ ကုန်သေတ္တာဖြင့်တင်ပို့မှုများသည် ၁၉၈၀ခုနှစ်များ၊၁၉၉၀ ခုနှစ်များတစ်လျှောက်တိုးတက်ခဲ့ပြီး ၂၀၀၀ ခုနှစ်များအထိ ဆက်လက်တိုးတက်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်မှစ၍ တိုးတက်မှုနှုန်း နှေးကွေးသွားခဲ့သည်။

၁၉၈၀ ခုနှစ်များမှ ၂၀၀၈ ခုနှစ်အထိ GDP Multiplier ratio အချိုးသည် တဖြည်းဖြည်းမြင့်တက်လာခဲ့ပြီး အချိန်ကာလအမျိုးမျိုးတွင် ၂ မှ ၆ အထိ အနည်းငယ်ကျော်ခဲ့ပါတယ်။ ၂၀၀၀-၀၈ ခုနှစ်များအတွင်း ပျမ်းမျှ Ratioဟာ ၃.၃ ဖြင့် အလွန်အားကောင်းသော ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့ခဲ့ရပြီး ကမ္ဘာ့စီးပွားရေးနှင့် ကုန်သေတ္တာသင်္ဘောကုန်သွယ်မှုတွင် အားကောင်းလာသော တိုးတက်မှုနှင့် တိုက်ဆိုင်နေသည်။

၂၀၀၉ ခုနှစ် ကမ္ဘာ့ စီးပွားရေးကျဆင်းမှုသည် GDP နှင့် ကုန်သေတ္တာကုန်သွယ်မှုတိုးတက်မှုကြား ဆက်စပ်မှုကို ပြောင်းလဲစေခဲ့ပြီး အချိုးအစားသည် ၂၀၀၉ နောက်ပိုင်းနှစ်များတစ်လျှောက် တဖြည်းဖြည်း ကျဆင်းလာခဲ့သည်။

နောက်ပိုင်းနှစ်များတွင် ကုန်သေတ္တာသင်္ဘောလုပ်ငန်း၏ ကံကြမ္မာသည် ပိုမိုဆိုးရွားလာသောအခါ အချိုးသည် ၁ ဝန်းကျင်သို့ ကျဆင်းသွားပါတယ်

နှစ်ပေါင်းများစွာ GDP တိုးတက်မှုနှင့် ကုန်သေတ္တာကုန်သွယ်မှုပမာဏတိုးတက်မှုအချိုးသည် ၃ ဝန်းကျင်ဖြစ်ခဲ့ပါတယ် ။

ကုန်သေတ္တာဖြင့်ထည့်သွင်းကုန်သွယ်မှုတွင် တိုးတက်မှုသည်စီးပွားရေးတိုးတက်မှုထက် အမြဲတမ်းပိုမိုမြင့်မားမည်ဟု မျှော်လင့်ထားပြီး အဓိကအားဖြင့် အချက်နှစ်ချက်ကြောင့်ဖြစ်ပါတယ်-

▪️ကုန်စည်ထုတ်လုပ်မှုကို ရေမြေရပ်ခြားတွင်ပြောင်းလဲထုတ်လုပ်သည့် offshore manufacturing လမ်းကြောင်း အဓိကအားဖြင့် အာရှသို့ပြောင်းရွေ့ထုတ်လုပ်ခြင်း၊
(ကုန်ကြမ်းများ၊ အစိတ်အပိုင်းများကို ကုန်ချောပစ္စည်းထုတ်လုပ်ရန် ဂျပန်၊ ကိုရီးယား၊ ထိုင်ဝမ်၊ အထူးသဖြင့် တရုတ်သို့ ကုန်သေတ္တာများဖြင့်ထည့်သွင်းပို့ဆောင်ပြီး၊ ကုန်ချောများကို စားသုံးစျေးကွက်သို့ ကုန်သေတ္တာများဖြင့် ပြန်လည်တင်ပို့ခြင်းတို့ကြောင့် စီးပွားရေးတိုးတက်မှုနူန်းထက်၊ ကုန်သေတ္တာ ကုန်သွယ်မှုက ပိုမို မြင့်မားရခြင်းဖြစ်ပါတယ်။)

▪️၁၉၇၀ မှ ၂၀၀၀ အတွင်းကုန်ပစ္စည်းများကို အထွေထွေကုန်တင်သင်္ဘော( Break bulk carrier များ) ဖြင့်သယ်ဆောင်မည့်အစား ကုန်သေတ္တာဖြင့်ထည်သွင်းသယ်ဆောင်မှုများလာခြင်း၊

၁၉၉၀ ခုနှစ် မတိုင်မီက မြှောက်ကိန်းအချိုးသည် ၂•၀ မှ ၂•၅ အတွင်းရှိခဲ့ပါတယ်။ ဆိုလိုတာကကမ္ဘာလုံးဆိုင်ရာ GDP တိုးတက်မှု ၁% တိုင်းအတွက် ကုန်သေတ္တာကုန်သွယ်မှုပမာဏသည် ၂•၀% မှ ၂•၅% အထိ တိုးတက်မှု ရှိခဲ့သည်။
၂၀ ရာစု၏ နောက်ဆုံးဆယ်စုနှစ်အတွင်း သင်္ဘောလိုင်းများသည် ၎င်းတို့၏ ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုကွန်ရက်ကို အလျင်အမြန် တိုးချဲ့လာသလို ဆိပ်ကမ်းတိုးချဲမှုများလည်းတိုးတက်လာသည့်နှင့်အမျှ မြှောက်ကိန်းအချိုးသည် ၄ ​​အထက်သို့ မြင့်တက်လာခဲ့သည်။

၂၀၀၁ ခုနှစ်တွင် တရုတ်နိုင်ငံသည် WTO သို့ ဝင်ရောက်ပြီးနောက် ကမ္ဘာ့ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ
ဤရာစုနှစ်၏ အစောပိုင်းနှစ်များတွင်၊ မြှောက်ကိန်းအချိုးသည် ၃ ဝန်းကျင်တွင် ရှိနေခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှစ၍ မြှောက်ကိန်းအချိုးသည် ကျဆင်းလာပြီး ၂၀၁၅ ခုနှစ်တွင် ကွန်သေတ္တာကုန်သွယ်မှု၏ တိုးချဲ့မှုနှုန်းသည် သုညနီးပါးသို့ ကျဆင်းသွားခဲ့သည်။ ပြင်ပနိုင်ငံများတွင် ကုန်စည်​ရွေ့ပြောင်းထုတ်လုပ်မှု Offshore manufacturing သည် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ပြီး၊ ထုတ်လုပ်သူများစွာသည် ထုတ်လုပ်မှုများကို မိမိဒေသနှင့် ပိုမိုနီးကပ်စွာ ပြန်လည်ယူဆောင်ထုတ်လုပ် (Near-shore manufacturing) ရန် စတင်နေကြပြီး၊ ကုန်စည်အများစုကို အထွေထွေကုန်တင်သင်္ဘော Break bulk carrier ဖြင့် ပို့ဆောင်မှုမှ ကုန်သေတ္တာဖြင့် ပြောင်းလဲပို့ဆောင်ခြင်းသည်လည်းအကြမ်းဖျင်းအားဖြင့်ပြီးပြည့်စုံပြီဖြစ်ပါတယ်။

ထို့အပြင် ကုန်ပစ္စည်းအမျိုးအစားများစွာကို သေးငယ်အောင်ပြုလုပ်ခဲ့သည်။ ကက်သုတ်ရောင်ခြည် ရုပ်မြင်သံကြား ဟောင်းများ ( Cathode Ray Televisionနှင့် ကွန်ပျူတာမော်နီတာများ) ကိုအရွယ်အစားသေးငယ် သော flat-screen LDD မော်ဒယ်များဖြင့်အစားထိုးခဲ့သည်။ သီချင်းများ၊ ရုပ်ရှင်ကားများကို CD၊ DVD များဖြင့်ကူးယူရောင်းချပို့ဆောင်မှုအစား၊ ဒေါင်းလုဒ်လုပ်ခြင်းနှင့် streaming များကို ပိုမိုအသုံးပြုလာသည်နှင့်အမျှ အိမ်သုံးတေးဂီတစနစ်များ Home theater and Audio system တို့၏ ဝယ်ယူမှုများကျဆင်းသွားခဲ့သည်။ ကုန်သေတ္တာအတွင်း နေရာကို ပိုမိုကောင်းမွန်စွာအသုံးပြုနိုင်စေရန် ထုပ်ပိုးမှုနည်းလမ်းများ တိုးတက်လာခဲ့ပြီး၊ ကုန်သေတ္တာအတွင်း ကုန်များများပို့ဆန်အောင် ထည့်သွင်းလာကြသဖြင့်၊ ကုန်သေတ္တာဖြင့်တင်ပို့မှုဟာ အရင်ဆယ်စုနှစ်များထက် များစွာလျော့နည်းလာပါတယ်။

သန့်ဇင် (FICS-UK)
ဧပြီလ ၂၂ရက်၊ ၂၀၂၆ ခုနှစ်

ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ ( freight forwarders) က သင်္ဘောလိုင်းများအပေါ် ယုံကြည်မှု လျော့နည်းလာသဖြင...
10/04/2026

ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များ ( freight forwarders) က သင်္ဘောလိုင်းများအပေါ် ယုံကြည်မှု လျော့နည်းလာသဖြင့် အပိုကြေးကောက်ခံမှု (surcharge) စည်းမျဉ်းများ ချမှတ်ပေးရန် တောင်းဆိုလာကြ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အီရန်ကို အမေရိကန်/အစ္စရေးတို့၏ တိုက်ခိုက်မှုများအပြီးတွင် သင်္ဘောကုန်တင်ပို့သူများအတွက် အပိုဝန်ဆောင်ပေးမှု သို့မဟုတ် အကာအကွယ်ပေးမှု မရှိဘဲ စစ်ပွဲအန္တရာယ် အပိုကြေးကောက်ခံမှု (War Risk Surcharges) များကိုစတင်ကောက်ခံခြင်းအတွက် သင်္ဘောကုန်တင်ပို့သူများက အဓိကကုန်သေတ္တာသင်္ဘောလိုင်းများကို ဝေဖန်နေကြပါတယ်။

အပိုကြေးထပ်ဆောင်းကောက်ခံမှုများသည် သင်္ဘောလိုင်းများနှင့် ကုန်သေတ္တာအမျိုးအစားအလိုက် မတူကွဲပြားပြီး ပွင့်လင်းမြင်သာမှုမရှိသလို၊ ကျိုးကြောင်းဆီလျော်မှုလည်း အနည်းငယ်သာရှိပြီး သင်္ဘောလိုင်းများက ဈေးကွက်ကိုထိန်းချုပ်ထားနိုင်မှုအပေါ်အမြတ်ထုတ်ရန် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။

CMA CGM၊ Hapag-Lloyd၊ Maersk နှင့် MSC အပါအဝင် သင်္ဘောလိုင်းများစွာသည် မတ်လတွင် ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းသို့ တင်ပို့မှုများအတွက် စစ်ပွဲ အန္တရာယ်အပိုဆောင်းအခကြေးငွေများကိုစတင်အကောင်အထည်ဖော်ခဲ့သော်လည်း ကုန်ပိုင်ရှင်များ စစ်ကြောင့်ဆုံးရှုံးမှုအတွက် လျော်ကြေး သို့မဟုတ် ဦးစားပေးဖြေရှင်းဆောင်ရွက်ပေးမှုမရှိဘဲ စစ်ဘေးအန္တရာယ်ကို ခံစားနေရပါတယ် ။

ထိရောက်သော စည်းမျဉ်းများ မရှိပါက ကုန်ပစ္စည်းပိုင်ရှင်များသည် သင်္ဘောများက ချမှတ်ထားသော အပိုကြေးကောက်ခံမှုများ၊ ပွင့်လင်းမြင်သာမှုမရှိသော “စစ်ပွဲအန္တရာယ်အပိုကြေးငွေများ( War risk surcharge) အပါအဝင် အပိုကြေးအမျိုးမျိုးကောက်ခံမှုများကို ခံရနိုင်ခြေ ရှိနေဦးမည်ဟုကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုပေးသည့်လုပ်ငန်းရှင်များက သတိပေးပါတယ် ။

CMA CGM၊ Maersk နှင့် MSC ကဲ့သို့သော အဓိက သင်္ဘောလိုင်းကြီး များသည် ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းသို့ ကုန်သေတ္တာတင်ပို့မှုများအတွက် သင်္ဘောခ tariff အပေါ်တွင်အပိုကြေး surcharge ကောက်ခံမှုများကို စတင်ခဲ့ပြီး ကုန်သေတ္တာအမျိုးအစားပေါ် မူတည်၍ ဒေါ်လာ ၁၂၀၀ မှ ၄၀၀၀ အထိ အပိုကြေးများကောက်ခံလေ့ ရှိပါတယ်။

စစ်ပွဲအပိုဆောင်းကြေးဈေးနှုန်းသည် ကုန်သေတ္တာအရွယ်အစားနှင့် အမျိုးအစားပေါ် မူတည်ပြီး CMA CGM လိုင်းက ပေ ၂၀ ကုန်သေတ္တာ တစ်လုံးလျှင် ဒေါ်လာ ၁၂၀၀ မှ ၂၀၀၀ အထိ ကောက်ခံပါသည် ။ ပေ ၄၀ ကုန်သေတ္တာတစ်လုံးလျှင် ဒေါ်လာ ၃၀၀၀ အထက် အပိုဆောင်းကြေးများ ကောက်ခံပြီး၊ အအေးခန်းကုန်သေတ္တာတစ်လုံးလျင် ဒေါ်လာ ၄၀၀၀ ကောက်ခံမည်ဟု ကြေညာခဲ့ပါတယ်။

ကုန်စည်ပို့ဆောင်ဝန်ဆောင်မှု ပို့ဆောင်ရေးလုပ်ငန်းရှင်များသည် သင်္ဘောလိုင်းများအပေါ်တွင် ယုံကြည်မှု ပြန်လည်ရရှိစေရန်အတွက် ပွင့်လင်းမြင်သာမှုရှိစေရန် နှင့် အပိုကြေးကောက်ခံမှုများနှင့် သင်္ဘောလိုင်းများအမှန်တကယ့်ကုန်ကျသည့်စရိတ်များအကြား ရှင်းလင်းသော ဆက်စပ်မှုကိုပွင့်လင်းမြင်သာစွာရှင်းပြဖို့ တောင်းဆိုနေကြပါတယ်။

သင်္ဘောလိုင်းများအနေဖြင့် တိုးမြှင့်လာသောကုန်ကျစရိတ်များကိုလည်း ကိုင်တွယ်ဖြေရှင်းနေကြောင်း သက်သေမပြနိုင်ပါက “ထိုသို့ အပိုကြေးကောက်ခံမှုများ၏ တရားဝင်မှုကို ဆက်လက်မေးခွန်းထုတ်နေဦးမည်” ဟု ထောက်ပြခဲ့ကြပါတယ်။

Feight forwarders များက "လက်ရှိတွင် ထိုကဲ့သို့ အပိုဆောင်းကြေးများ ကောက်ခံမှုကို ထိန်းချုပ်သည့် ထိရောက်သော စည်းမျဉ်းစည်းကမ်း သို့မဟုတ် သင်္ဘောလိုင်းများလုပ်ငန်းဆိုင်ရာ မူဘောင် မရှိသေးသောကြောင့် ကုန်တင်ပို့သူများအနေဖြင့် သင်္ဘောလိုင်းများက တစ်ဖက်သတ် သင်္ဘောခဈေးနှုန်းဆုံးဖြတ်သတ်မှတ်မှုကို ခံရဖွယ်ရှိသည်” ဟု ပြောကြားခဲ့သည်။

သို့သော်လည်း ၎င်းတို့အနေဖြင့် ရန်လိုသော စိတ်ဓာတ်မျိုး ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်ပါ ဟု အလေးပေးပြောကြားခဲ့ပြီး အပိုဆောင်း ကောက်ခံမှုများနှင့် ပတ်သက်ပြီး သင်္ဘောလိုင်းများထံမှ ပွင့်လင်းမြင်သာမှု ရှိဖို့ တောင်းဆိုခြင်းသာဖြစ်တယ် လို့ဆိုပါတယ် ။

“ပြီးတော့ အနည်းဆုံးတော့ လောင်စာဆီစျေးတက်လို့ Fuel surcharge ကောက်ခံမှုကို ချိန်ညှိဖို့အတွက် ရည်ညွှန်းစျေးအဖြစ် သင်္ဘောလောင်စာဆီ bunker price စျေးကို ကြည့်လို့ရပေမယ့် စစ်ပွဲအန္တရာယ် အပိုကြေးကောက်ခံမှုတွေကတော့ ဘာကိုရည်ညွန်းပြီးသတ်မှတ်တာမရှင်းလင်းပါဘူး။ စစ်အန္တရာယ် အပိုကြေးကို ချိန်ညှိဖို့ ရည်ညွန်းစရာ စံနှုန်းမရှိ၊ ဖော်မြူလာမရှိ၊ ကုန်ကျစရိတ်ကို တကယ့် စာရင်း စစ်ဆေ သည့် လမ်းကြောင်းလည်းမရှိပါဘူး” လို့ ဆိုပါတယ်

“‘စစ်ပွဲအန္တရာယ် အပိုဆောင်းကြေး’ အဖြစ်ကောက်နေတာဟာ လက်တွေ့မှာ စံသတ်မှတ်ချက်မရှိ၊ ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိ၊ ကုန်တင်ပို့သူတွေက ဘာအတွက် တကယ်ပေးဆောင်နေရတာလဲဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားဘဲ ဈေးနှုန်းသတ်မှတ်ခြင်း ကိရိယာတစ်ခုပါပဲ” ဟု မကျေမနပ်ဖြစ်နေသော ကုန်စည် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်အများအပြားကပြောကြားခဲ့ပါတယ်။

"အရေးကြီးတာက အပိုဆောင်းကြေးဟာ ကုန်တင်ပို့သူကို နောက်ထပ်ကာကွယ်မှု၊ ဦးစားပေး ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုပေးအပ်ထားတာ မဟုတ်ပါဘူး။ ဒါဟာ ဈေးနှုန်းတိုးမြှင့်မှုတစ်ခုသာဖြစ်ပြီး၊ ထိုသို့ပေးလိုက်ရတဲ့ အခကြေးအတွက် သက်ဆိုင်ရာဝန်ဆောင်မှုတိုးမြှင့်မှုမပါဘူး" လို့ပြောကြပါတယ်။

“အပိုကြေးကောက်ခံတွေဟာ အခြေခံကုန်စည်ပို့ဆောင်ခ base freight rate ထက် တောင် ကျော်လွန်သွားသောအခါ၊ သင်္ဘောလိုင်းတွေက သူတို့အပို ကုန်ကျစရိတ်ပြန်လည်ရရှိဖို့ အပိုကြေးထပ်မံကောက်ခံတာ နဲ့ဘာမှမသက်ဆိုင်တော့ဘူးဆိုတာ မေးစရာတောင် မလို​တော့ဘူးလို့ ဆိုပါတယ်
(Source: Loadstar)

Evergreen line ရဲ့ ကုန်တင်တန်ဆာမှာ
Clause 22. War risk expense ကောက်ခံမယ်လို့ အောက်ပါအတိုင်းဖော်ပြထားပါတယ်

"Carrier may at any time and without prior notice to the Merchant impose surcharges to cover all extra expenses (including but not limited to extra insurance premiums and costs of diversion) incurred by the Carrier as a result of the outbreak of war, hostilities, war-like operations, civil war, civil commotion, blockade, piracy or revolution regardless of whether the Ship sailed or not sailed or is underway at the time the expenses are incurred."

" သင်္ဘောလိုင်း သည် စစ်ပွဲဖြစ်ပွားခြင်း၊ ရန်လိုမှုများ၊ စစ်ပွဲနှင့်ဆင်တူသော စစ်ဆင်ရေးများ၊ ပြည်တွင်းစစ်၊ ပြည်တွင်းဆူပူအုံကြွမှု၊ ပိတ်ဆို့ခြင်း၊ ပင်လယ်ဓားပြမှု သို့မဟုတ် တော်လှန်ရေးတို့ကြောင့် သင်္ဘောလိုင်း​မှ ဖြစ်ပေါ်လာသော အပိုကုန်ကျစရိတ်များအားလုံး (အပိုအာမခံပရီမီယံများနှင့် လမ်းကြောင်းပြောင်းပြေးဆွဲခြင်းကြောင့်ကုန်ကျစရိတ်များ အပါအဝင်) ကို ကာမိစေရန် အချိန်မရွေးနှင့် ကုန်သည်ထံ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အပိုအခကြေးငွေများ ကောက်ခံနိုင်သည် "လို့ ဖော်ပြထားပါတယ်။

သင်္ဘောလိုင်းတွေအနေနဲ့ကလည်းသူတို့ သင်္ဘောတွေစစ်မက်ဖြစ်ပွားနေသည့် ဇုန်များသို့ သင်္ဘောပြေးဆွဲရပါက သင်္ဘောကိုယ်ထည်အာမခံနဲ့အကျုံးမဝင်တော့ပါဘူး ။

International Hull clause (01/11/03)
Clause 29: WAR AND STRIKES EXCLUSION

In no case shall this insurance cover loss, damage, liability or expense caused by

29.1 war, civil war, revolution, rebellion, insurrection, or civil strife arising therefrom, or any hostile act by or against a belligerent power

29.2 capture, seizure, arrest, restraint or detainment (barratry and piracy excepted), and the consequences thereof or any attempt therest

29.3 derelict mines, torpedoes, bombs or other derelict weapons of war

ဒါကြောင့်သင်္ဘောလိုင်းတွေအ​နေဖြင့် ~
▪️သင်္ဘောကိုယ်ထည်အာမခံ ( Hull and Machinery Insurance) အတွက် နောက်ထပ် အပို ပရီမီယံကြေးပေးဆောင်ရခြင်းး
▪️သင်္ဘောသားများ war risk bonus ပေးရခြင်း
▪️စစ်မက်ဇုန်ကို ရှောင်ကွင်းသွားရ၍ ခရီးလမ်း​ကြောင်း ပိုရှည်လို့ ကုန်ကျစရိတ်ပိုလာခြင်း
ထို့ကြောင့် ထို ကုန်ကျစရိတ်တွေကာမိ စေရန် ကုန်​တင်သူတွေထံက War risk surcharge အပိုကြေးကောက်ခံရတာလို့ဆိုပါတယ်။ စစ်ပွဲကြောင့် သင်္ဘောပေါ်က ကုန်တွေ ပျက်စီး ဆုံးရှုံးမှုကိုပြန်လျော်ပေးဖို့မဟုတ်ပါဘူး။

War Risk Surcharges များပေးလိုက် လို့ ကုန်ပိုင်ရှင်အနေနဲ့ ဘာကျိုးကျေးဇူးများ မျှော်လင့်နိုင်ပါသလဲဆိုတာနဲ့ပတ်သက် ၍ forwarder တစ်ဦးက မည်သည့်အကျိုးကျေးဇူးမျှ မရှိကြောင်း ပြောကြားပါတယ်။

WRS များသည် စစ်ကြောင့်ကုန်စည်ပျက်စီးဆုံးရှုံးပါက သင်္ဘောလိုင်းတွေကလျော်မယ်လို့ ထင်နေကြပါတယ်။
ကုန်ပိုင်ရှင်က စစ်​ကြောင့်ကုန်စည် ပျက်စီးဆုံးရှုံးပါ​က ရေကြောင်းကုန်စည် အာမခံ (Marine Cargo Insurance) နှင့်သာတိုက်ရိုက်သက်ဆိုင်သည်ဟူသော အထင်အမြင်လွဲမှားမှုတစ်ခုရှိကြောင်း forwarder တစ်ဦးက ထောက်ပြခဲ့ပါတယ်။

ရေကြောင်းကုန်စည်အာမခံပေါလစီမှာ စစ်ကြောင့်ကုန်စည်ပျက်စီးမှုကို မလျော်ဘူးလို့ Institute Cargo Clauses ရဲ့ clause 6 War exclusion ဖော်ပြထားပါတယ်။

ကုန်ပိုင်ရှင်သည် နောက်ထပ် ပရီမီယံကြေး ပေးဆောင်ကာ သီးခြားစစ်ပွဲအန္တရာယ်အကာအကွယ် Institute War Clause ကို အောက်ပါအတိုင်း အာမခံ ပေါလစီမှာ ထပ်မံဖြည့် မထားပါက စစ်ကြောင့်ကုန်စည်ပျက်စီးဆုံးရှုံးပါက အာမခံအလျော်ရရှိမှာ မဟုတ်ပါဘူး။

Institute war clause (Cargo)

1. This insurance covers loss of or damage to
the subject-matter insured caused by
1.1 war civil war revolution rebellion insurrection, or civil strife arising therefrom, or any hostile act by or
against a belligerent power
1.2 capture seizure arrest restraint or detainment, arising from risks covered under 1.1 above, and the
consequences thereof or any attempt thereat
1.3 derelict mines torpedoes bombs or other derelict weapons of war.

သင်္ဘောလိုင်းတွေက အများဆုံး ကောက်ခံလေ့ရှိသည့်
အပိုဆောင်းကြေး Surcharges အချို့ကို ကောက်နူတ်ဖော်ပြရလျင်~

▪️BAF (Bunker Adjustment Factor): သင်္ဘောလောင်စာဆီစျေးတက်သွားပါကကောက်လေ့သည့် အခကြေးငွေ၊
▪️THC (Terminal Handling Charge): ကုန်တင်ဆိပ်ကမ်း သို့မဟုတ်ကုန်ချဆိပ်ကမ်းများတွင် ကုန်သေတ္တာများကို ကိုင်တွယ်ခြင်းအတွက် ကောက်ခံသည့်အခကြေးငွေများ။
▪️PSS (Peak Season Surcharge): သင်္ဘောကုန်တင်လိုမှုဝယ်လိုအားမြင့်မားသောကာလများတွင် ကောက်ခံပါတယ်။
▪️CAF (Currency Adjustment Factor): ငွေကြေးတန်ဖိုးကျဆင်းမှုကြောင့် ဖြစ်ပေါ်လာသောဆုံးရှုံးမှုကို ကာမိစေဖို့ကောက်ခံပါတယ်။
▪️DOC (Documentation fees) သင်္ဘောကုန်တင်စာရွက်စာတမ်းများ ပြင်ဆင်ခြင်းအတွက် ကောက်ခံသည့်အခကြေးငွေများ။
▪️CIC (Container Imbalance Charge): လိုအပ်ချက်များသောနေရာများသို့ကုန်သေတ္တာအခွံလွတ် များ ရွှေ့ပြောင်းခြင်းအတွက် ကောက်ခံသည့် အခကြေးငွေ။
▪️PCS (Port Congestion Surcharge): ဆိပ်ကမ်းများ ကျပ်ညပ်နေချိန်တွင်နှင့် သင်္ဘောများနှောင့်နှေးမှုများ ကြုံတွေ့ရသည့်အခါတွင်ကောက်ခံသည့် အပိုကြေး။
▪️ISPS (International Ship and Port Facility Security Code): ဆိပ်ကမ်းနဲ့ သင်္ဘောလုံခြုံရေးကုန်ကျစရိတ်များကို ကာမိစေရန်ကောက်ခံသည့်အခကြေးငွေ။
▪️EBS (Emergency Bunker Surcharge): ရေနံဈေးနှုန်းများ အလျင်အမြန်မြင့်တက်လာခြင်းအတွက် အရေးပေါ်ယာယီကောက်ခံသည်အခကြေးငွေ။
▪️IMO/Dangerous Goods Surcharge: အန္တရာယ်ရှိသော ကုန်စည်များ သယ်ယူပို့ဆောင်ရန်အတွက်ကောက်ခံသည့်အခကြေးငွေ
▪️WRS (War Risk Surcharge): စစ်ပွဲအန္တရာယ်ရှိသောဇုန်များ (ဥပမာ၊ ပင်လယ်နီ၊ ဟော့မုဇ်ရေလက်ကြား) ကို ဖြတ်သန်းသည့်အခါ ကောက်ခံသည့် အခကြေးငွေ။
▪️OWS (Overweight Surcharge): ခွင့်ပြုအလေးချိန် ကန့်သတ်ချက်ထက်ကျော်လွန်သော လေးလံသောကုန်ပစ္စည်းများအတွက်ကောက်ခံသည့် အခကြေးငွေ
▪️AMS (Automatic Manifest System): အမေရိကန်/ကနေဒါ သို့ထွက်ခွာမည့် ရေကြောင်းခရီးစဥ်အတွက် ယဥ်ပါကုန်စာရင်းချုပ်ကို အကောက်ခွန်သို့ကြေငြာပေးရသည့်အတွက် ကောက်ခံသည့် အခကြေးငွေ။
▪️SCS (Suez Canal Surcharge) / PTF (Panama Canal Transit Fee): ဆူးအက်တူးမြောင်းနှင့် ပနားမားတူးမြောင်းဖြတ်သန်းခ အတွက်ကောက်ခံသည့်အခကြေးငွေ။
Low Sulphur Surcharge: သင်္ဘောမီးခိုးတွင်ဆာလဖာပါဝင်မှုထိန်းချုပ်သည့် ​ဆိပ်ကမ်းများ (Sulphur emission control area) သို့သွားမည့် ခရီးစဥ်များအတွက် သန့်ရှင်းသော လောင်စာဆီ အသုံးပြုရသည့်အတွက်ကောက်ခံသည့် အခကြေးငွေ။

📌Maersk လိုင်းကဆိုသူတို့ ကောက်ခံတဲ့ ခေါင်းစဥ်အမျိုးမျိုးနဲ့ အပိုကြေးဟာ ၁၀၅ မျိုးတော​င်ရှိတယ်လို့ သူ့ရဲ့ Website မှာ တင်ထားတာ မှတ်သားမိလိုက်ပါသေးတယ် ။

သန့်ဇင် (FICS-UK)
ဧပြီလ ၁၀ ရက် ၂၀၂၆ခုနှစ်

27/03/2026

မတ်လ ၂၁ ရက်နေ့က ချော်လဲပြီးလှေကားက ပြုတ်ကျ၊ နဖူးမျက်ခုံးရိုး၊နူတ်ခမ်းကွဲသွားလို့ချုပ်ထားတာ၊ မနက်ဖြန် ချုပ်ရိုးဖြည်ပါမယ်။

တစ်ပါတ်ပြည့်သွားပေမယ့်၊ လှဲနေရာက ထလိုက်ရင်၊ ထိုင်နေရာက လှဲချလိုက်ရင် ချာချာလည်မူးနေတုန်းဘဲ။

ဒီနေ့ ဝိတိုရိယဆေးရုံမှာ ဦးနောက် အာရုံကြော်အထူးကု သမားတော်ကြီးနဲ့ပြတော့စမ်းသပ်ပြီး စိုးရိမ်စရာ မရှိပါဘူး။အာရုံကြောတွေ ယောင်ကုန်တာဆိုပြီး သောက်ဆေး ၂ ပါတ်စာပေးပါတယ်။ သေချာအောင် CT ရိုက်ခိုင်းပါတယ်။

CT အဖြေထွက်လာတော့ ချက်ခြင်းဖတ်ပေးပါတယ်။🙏 ဦးနှောက်အတွင်းသွေးယိုတာ၊ သွေးခဲတာ၊ အဖု အကြိတ် ဘာမှ မရှိပါဘူးတဲ့ ။ ဒါကြောင့်ငယ်ငယ်တုန်းက အမေက ပြောတယ် "နင်တော်တော် ခေါင်းမာတဲ့ကောင်တဲ့"😁

ဆရာဝန်ကြီးက မျက်စိကို အနားပေးဖို့ ဖုန်း၊ တီဗွီ၊ ကွန်ပျုတာ ၂ ပါတ်မကြည့်ဖို့ တားမြစ်လိုက်ပါတယ်။

ဒါကြောင့် FB ၂ပါတ်မသုံးတော့ပါဘူး။
၂ပါတ်လောက်ပျောက်နေလို့ Thay သွားပြီထင်မှာစိုးလို့😁
ငါ မthaYဘူး ရေကူးတတ်တယ် 😅

သင်တန်းတွေလည်း အားနာစွာနဲ့ နောက်ထပ် တစ်ပါတ် ထပ်ပိတ်ရပါအုံးမယ်။

တိရိစ္ဆာန်တင်သင်္ဘောများနှင့်ပတ်သက်ပြီး၊နိုင်ငံတကာကအာရုံစိုက်ခံခဲ့ရသည့်ဖြစ်စဥ်တစ်ခု ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~မွေ...
27/03/2026

တိရိစ္ဆာန်တင်သင်္ဘောများနှင့်ပတ်သက်ပြီး၊နိုင်ငံတကာကအာရုံစိုက်ခံခဲ့ရသည့်ဖြစ်စဥ်တစ်ခု
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မွေးမြူရေးတိရစ္ဆာန်တင်သင်္ဘော Spiridon II မှအခြေအနေများကိုရိုက်ကူးထားသည့် ဗီဒီယိုfootage တစ်ခု ထွက်ပေါ်လာခဲ့ပြီး သင်္ဘောသည် နွားထောင်ပေါင်းများစွာနှင့်အတူ တူရကီကမ်းလွန်တွင် ရက်သတ္တပတ်များစွာ သောင်တင်နေပြီးနောက် သင်္ဘောပေါ်ရှိ အခြေအနေများကို ပိုမိုရှင်းလင်းလင်းတွေ့မြင်ရပြီးဝေဖန်မှုတွေမြင့်တက်ခဲ့ပါတယ်။

၁၉၇၃ ခုနှစ်တွင် တည်ဆောက်ခဲ့သော တိရိစ္ဆာန်တင်သင်္ဘော Spiridon II သည် ၂၀၂၅ ခုနှစ်နှစ်ကုန်ပိုင်းတွင် ဥရုဂွေးမှ တိရနွားအရှင် အကောင် ၃၀၀၀ နီးပါးကို မူလက တူရကီသို့ ပို့ဆောင်ဖို့ဦးတည်သွားခဲ့တာပါ။ ခရီးစဉ်ဟာ လေးပတ်ခန့် ကြာမြင့်ခဲ့ပြီးလမ်းခရီးတွင် နွားအများအပြား သေဆုံးခဲ့ကာ နွားပေါက် ၁၄၀ ခန့်လဲ ပင်လယ်ပြင်တွင် မွေးဖွားခဲ့ပါတယ်။ ပို့ကုန်အတွက် တင်ဆောင်လာသော တိရစ္ဆာန်များ၏ အခြေအနေနှင့် ပတ်သက်၍ မေးခွန်းများ ပေါ်ပေါက်စေခဲ့ပါတယ် ။

သက်ဆိုင်ရာကိုတင်ပြသည့် သွင်းကုန်စာရွက်စာတမ်းများတွင် တရားဝင်စာရင်းများမှ အမှန်ပါရှိသည့် တိရစ္ဆာန်အကောင်ရေ ၅၀၀ ခန့်လျော့နည်းပျောက်ဆုံးနေသည်အတွက်ဆိုကာ တူရကီအာဏာပိုင်များကသင်္ဘောကို ဆိပ်ကမ်းဝင်ရောက်ခွင့်မပြုသောအခါ ပြဿနာများ မြင့်တက်လာခဲ့သည်။ သင်္ဘောကိုတူရကီကမ်းလွန်တွင် ရက်သတ္တပတ်အတော်ကြာ စောင့်ဆိုင်းနေစေခဲ့ပြီး နွားများကို သင်္ဘောပေါ်တွင်ပင် ထား ထားရပါတယ် ။

တူရကီသို့ရောက်ရှိပြီး မကြာမီ ရိုက်ကူးထားသောဗီဒီယိုမှတ်တမ်းတွင် အားနည်းနေသော တိရစ္ဆာန်များ၊ သန့်ရှင်းမှုညံ့ဖျင်းသော အခြေအနေများနှင့် ကျပ်ညပ်နေသော နေရာများတွင် နေ နေရသောမွေးကင်းစ နွားပေါက်လေးများကို ပြသထားသည်။ ကြာရှည်လာသည့်အချိန်ကာလအတွင်း အခြေအနေ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း လူမှုဖူလုံရေးအဖွဲ့များက ပြောကြားခဲ့ပါတယ်။

ပင်လယ်ပြင်တွင် နှစ်လကျော်ကြာပြီးနောက်၊ နောက်ဆုံးမှာတော့ သင်္ဘောသည် အသက်ရှင်ကျန်ရစ်သော တိရစ္ဆာန်များကို လစ်ဗျားနိုင်ငံ၊ ဘန်ဂါဇီမြို့သို့ ချပေးခဲ့ပြီး၊ ခရီးရှည် တိရစ္ဆာန်အရှင်များသယ်ယူပို့ဆောင်ရေး၏ အန္တရာယ်များအပေါ် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့သည့် အမှုတစ်ခု အဆုံးသတ်သွားစေခဲ့ပါတယ်။

တာဝန်ယူမှုနှင့်ပတ်သက်သည့် အငြင်းပွားမှုကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ တူရကီနိုင်ငံရှိ သွင်းကုန်လုပ်ငန်းရှင်များက တိရိစ္ဆာန် တင်ပို့မှုကို စီစဉ်ရာတွင် ပါဝင်ပတ်သက်သည့် ဩစတြီးယားမွေးမြူရေးကုန်သည်တစ်ဦးကို ဥပဒေအရ အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီး တင်သွင်းခွင့်ငြင်းပယ်ခံရနိုင်သည့် အန္တရာယ်များရှိနေသော်လည်း နွားများကိုပို့ခဲ့သည်ဟု စွပ်စွဲခဲ့ပါတယ်။ ကုန်သည်ဘက်ကတော့က အမှားအယွင်းကျူးလွန်မှုမရှိခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။

ခရီးစဉ်နှင့်ပတ်သက်သည့် အခြေအနေများကို စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ဒေသခံသတင်းများအရ သိရပါတယ်။
(တိရစ္ဆာန်တွေ့ရဲ့ဘဝက သားသတ်ရုံအပို့ခံရတာတောင်မှ သက်တောင့်သက်သာ မသွားရတဲ့ ဘဝပါလား😢၊ သံသရာမှာ ကိုယ်မဖြစ်ဖူးတဲ့ဘဝ မရှိဘူးတဲ့၊ သောတပန် မဖြစ်သေးသ၍ လားရာဂတိမမြဲသေးတော့၊ တိရိစ္ဆာန်ဘဝရောက်နိုင်ပါသေးတယ်။ သံသရာက ကြောက်စရာကြီးပါ)
Source: Splash 24/7

သန့်ဇင် (FICS-UK)
မတ်လ ၂၇ ရက်၊ ၂၀၂၆

Address

Yangon
11101

Website

Alerts

Be the first to know and let us send you an email when Thant Zin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share