01/07/2026
Sharing knowledges.
ရေနံလည်းမရှိ၊ အခွန်လည်းမကောက်ဘဲ ဘီလီယံနာတို့၏ စံပျော်ရာဖြစ်လာသော "မိုနာကို" နိုင်ငံ၏ အံ့ဖွယ်ဗျူဟာ
ရေနံမရှိ၊ သတ္တုတွင်းမရှိ၊ စိုက်ပျိုးမည့် လယ်ယာမြေလည်း လုံးဝမရှိ။
အကျယ်အဝန်းအားဖြင့် ရန်ကုန်မြို့က စမ်းချောင်း သို့မဟုတ် ကမာရွတ်မြို့နယ်ရဲ့ သုံးပုံတစ်ပုံလောက်ပဲ ရှိတဲ့ နိုင်ငံသေးသေးလေးတစ်ခု။
ဒါပေမဲ့ ကမ္ဘာ့ဘီလီယံနာတွေနဲ့ သန်းကြွယ်သူဌေးတွေ အများဆုံး စုပြုံနေထိုင်တဲ့ နေရာ ဖြစ်နေပါတယ်။
ပုံမှန်နိုင်ငံတွေမှာ ထိပ်တန်းဝင်ငွေရှင်တွေဟာ မိမိတို့ဝင်ငွေရဲ့ တစ်ဝက်ကျော် (၅၀% ကျော်) အထိ နိုင်ငံတော်ကို အခွန်ပေးနေရချိန်မှာ မိုနာကို က လူတွေဆီကတော့ အစိုးရက ဝင်ငွေခွန် တစ်ပြားမှ မကောက်ပါခံဘူး။
ဒါဆိုရင် အံ့ဩစရာမေးခွန်းတစ်ခု ရှိလာပါတယ်။
ဒီနိုင်ငံလေး ဘယ်လိုလုပ် ရပ်တည်နေနိုင်တာလဲ။
ဘယ်လို ဗျူဟာနဲ့ ကမ္ဘာ့အချမ်းသာဆုံးစားရင်းဝင် နေရာ ဖြစ်လာရတာလဲ။
၁။ သမိုင်းအစ
ယနေ့ မြင်တွေ့ရသည့် လှပဆန်းသစ်သော မိုနာကိုနိုင်ငံ ဖြစ်မလာခင် ၁၉ ရာစုအလယ်ပိုင်း (၁၈၆၁ ခုနှစ်) ကာလများတွင် မိုနာကို၏ အုပ်ချုပ်သူ ဂရီမောလ်ဒီ တော်ဝင်မိသားစုသည် ဘဝပျက်လုနီးပါး အခြေအနေနှင့် ရင်ဆိုင်ခဲ့ရဖူးပါသည်။
စာချုပ်တစ်ခုအရ ၎င်းတို့ပိုင်ဆိုင်သည့် နယ်မြေ ၉၅ ရာခိုင်နှုန်းကျော်ကို ပြင်သစ်နိုင်ငံထံ လွှဲပြောင်းပေးခဲ့ရသည်။
ထိုသို့ ဆုံးရှုံးလိုက်ရသည့် နယ်မြေများထဲတွင် နိုင်ငံ၏ အဓိက ဝင်ငွေရရှိနေသော သံပုရာ၊ လိမ္မော်နှင့် သံလွင်စိုက်ခင်းများ (စိုက်ပျိုးရေးမြေများ) အားလုံး ပါသွားခဲ့သဖြင့် မိုနာကိုသည် သယံဇာတလည်းမရှိ၊ ဝင်ငွေလည်းမရှိဘဲ စီးပွားရေးအရ လုံးဝဒေဝါလီခံရမည့် အခြေအနေဆိုးသို့ ဆိုက်ရောက်သွားခဲ့ရသည်။
၂။ ကာစီနိုနှင့် ရထားလမ်း မဟဗျူဟာ
ဤအကြပ်အတည်းကို ကျော်လွှားရန် ထိုခေတ်က မိုနာကို မင်းသား ချားလ်စ် (၃) သည် ကြီးမားသည့် စွန့်စားမှု တစ်ခုကို ပြုလုပ်ခဲ့ပါသည်။
ဥရောပတစ်ခွင်မှ သူဌေးကြီးများကို ဆွဲဆောင်နိုင်မည့် ကမ္ဘာ့အဆင့်မီ ကာစီနိုလောင်းကစားရုံကြီးတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါနယ်မြေကို "မွန်တီကားလို" (Monte Carlo)ဟု အမည်ပေးခဲ့သည်။
သို့သော် ကာစီနိုရှိရုံဖြင့် လူမလာနိုင်သေးပေ။
ထို့ကြောင့် မိုနာကိုအစိုးရသည် ပြင်သစ်နိုင်ငံနှင့် ညှိနှိုင်းကာ ဥရောပအထက်တန်းလွှာများ မိုနာကိုသို့ တိုက်ရိုက်နှင့် အမြန်ဆုံး လာရောက်နိုင်မည့် ရထားလမ်းကွန်ရက်ကို စတင်ဖောက်လုပ်ပါတော့သည်။
တိုက်ရိုက်ရထားလမ်းများနှင့် ကာစီနိုလုပ်ငန်း ပေါင်းစပ်မှုသည် မိုနာကို၏ ကံကြမ္မာကို နေ့ချင်းညချင်း ပြောင်းလဲပစ်ခဲ့ပြီး ဥရောပသူဌေးတို့၏ အပန်းဖြေရာ စံစားရာ ဗဟိုချက်မ ဖြစ်လာခဲ့သည်။
၃။ အခွန်ကင်းလွတ်ခွင့် ပေါ်ပေါက်လာပုံ
ကာစီနိုလုပ်ငန်းသည် အလွန်အမင်း အောင်မြင်လာခဲ့သဖြင့် မိုနာကိုတော်ဝင်မိသားစုနှင့် အစိုးရထံသို့ စီးဝင်လာသော ကာစီနိုဝင်ငွေသည် တစ်နိုင်ငံလုံး၏ ဘတ်ဂျက်တစ်ခုလုံးကို ကောင်းကောင်းကြီး ထောက်ပံ့ပေးနိုင်ရုံသာမက ပိုလျှံသည့်အဆင့်သို့ ရောက်ရှိလာခဲ့သည်။
ထို့ကြောင့် ၁၈၆၉ ခုနှစ်တွင် မိုနာကိုအစိုးရသည် ကမ္ဘာကို တုန်လှုပ်စေမည့် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့သည်။
၎င်းမှာ "လူပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် ကောက်ခံသည့် ဝင်ငွေခွန် ကို လုံးဝပယ်ဖျက်ပေးလိုက်ခြင်း" ပင် ဖြစ်ပါသည်။
မိမိတို့ရှာဖွေထားသမျှ စည်းစိမ်ဥစ္စာများကို အခွန်ဘေးမှ ရာနှုန်းပြည့် ကာကွယ်ချင်ကြသည့် ကမ္ဘာတစ်ဝှမ်းရှိ ဘီလီယံနာများသည် မိုနာကိုနိုင်ငံအတွင်းသို့ အလုံးအရင်းဖြင့် ရွှေ့ပြောင်းအခြေချလာခဲ့ကြတော့သည်။
၄။ ပြင်သစ် ပဋိပက္ခ နှင့် (၁၉၆၂ ခုနှစ် အလှည့်အပြောင်း)
မိုနာကို၏ အခွန်လွတ်စနစ်ကြောင့် ပြင်သစ်သူဌေးကြီးများနှင့် ကုမ္ပဏီအများအပြား မိုနာကိုသို့ ပြောင်းရွှေ့ကုန်သဖြင့် ပြင်သစ်နိုင်ငံ၏ အခွန်ဝင်ငွေ ကိုထိခိုက်လာခဲ့သည်။
ထို့ကြောင့် ၁၉၆၂ ခုနှစ်တွင် ပြင်သစ်သမ္မတ ရှာလ်ဒီဂေါ နှင့် မိုနာကို မင်းသား ရေနီယာ (၃) တို့အကြား ပြင်းထန်သော ပဋိပက္ခ ဖြစ်ပွားခဲ့ကြပြီး ပြင်သစ်က မိုနာကိုနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု ပြုလုပ်ရန်အထိ ခြိမ်းခြောက်များရှိခဲ့သည်။
ညှိနှိုင်းမှုများအပြီးတွင် မိုနာကိုသည် လိုက်လျောမှုအချို့ ပြုလုပ်ပေးခဲ့ရသည်။
အချို့သော ကော်ပိုရိတ်အခွန် များနှင့် မိုနာကိုတွင် နေထိုင်သည့် ပြင်သစ်နိုင်ငံသားများအပေါ် အခွန်ကောက်ခံရန် သဘောတူခဲ့ရသည်။
သို့သော်လည်း ဤအကျပ်အတည်းသည် မိုနာကို၏ သီးခြားရပ်တည်နိုင်မှုကို ပိုမိုခိုင်မာစေခဲ့ပြီး အခွန်လွတ်အဆင့်အတန်းကို အရှိန်မပျက် ဆက်ထိန်းထားနိုင်ခဲ့ကြသည်။
၅။ ရေနံလည်းမရှိ၊ ဝင်ငွေခွန်လည်းမကောက်ဘဲ ဘယ်လိုရပ်တည်နေလဲ။
ယနေ့ခေတ် မိုနာကိုသည် ကာစီနိုဝင်ငွေတစ်ခုတည်းအပေါ်တွင်သာ မှီခိုမနေတော့ဘဲ စီးပွားရေးပုံစံကို အောက်ပါအတိုင်း ပါးနပ်စွာ ပြောင်းလဲထားပြီး ဖြစ်ပါသည်။
က) ငွေကြေးစီးဆင်းမှုနှင့် စားသုံးမှုအပေါ် အခွန်ကောက်ယူခြင်း - လူပုဂ္ဂိုလ် ဝင်ငွေခွန် မကောက်သော်လည်း နိုင်ငံတွင်း စီးဝင်လာသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ် ကောက်ခံသည့် တန်ဖိုးသင့်အခွန် (VAT) ၂၀% ခန့်၊ အိမ်ခြံမြေလွှဲပြောင်းခွန်များနှင့် ကုမ္ပဏီလုပ်ငန်းအချို့ထံမှ အခွန်ကောက်ခံခြင်းဖြင့် အဓိက ဘတ်ဂျက်ရှာသည်။
ခ) ဇိမ်ခံဝန်ဆောင်မှုနှင့် ဘဏ်လုပ်ငန်းများ - ကမ္ဘာ့အဆင့်မီ ကိုယ်ပိုင်ဘဏ်လုပ်ငန်း များနှင့် ပိုင်ဆိုင်မှုစီမံခန့်ခွဲခြင်း တို့ကြောင့် ကမ္ဘာ့ငွေကြေးအမြောက်အမြား နေ့စဉ် စီးဆင်းနေလျက်ရှိသည်။
ဂ) မြေဖို့စီမံကိန်းများ - နယ်မြေအလွန်ကျဉ်းမြောင်းသဖြင့် မိုနာကိုသည် ပင်လယ်ကို မြေဖို့၍ နယ်မြေချဲ့ထွင်သည့် စီမံကိန်းများကို အကြီးအကျယ်လုပ်ဆောင်ကာ ကမ္ဘာ့ဈေးအကြီးဆုံး အိမ်ခြံမြေများကို ဖန်တီးရောင်းချလျက်ရှိသည်။
အချုပ်အားဖြင့်
သဘာဝသယံဇာတ မရှိ၊ နယ်မြေအကျယ်အဝန်း စမ်းချောင်း သို့မဟုတ် ကမာရွတ်မြို့နယ်၏ သုံးပုံတစ်ပုံခန့်သာရှိပြီး ဒေဝါလီခံရလုနီးပါး ဖြစ်ခဲ့သော မိုနာကိုနိုင်ငံသည် ခေါင်းဆောင်မှု၏ ဗျူဟာမြောက်အမြော်အမြင်၊ သံတမန်ရေးရာ ကစားကွက်များနှင့် ထူးခြားဆန်းသစ်သော ဘဏ္ဍာရေးမော်ဒယ်တို့ကြောင့်
ယနေ့တွင် "ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာများ စုဝေးရာ၊ စံစားရာ၊ လူဦးရေသိပ်သည်းဆ အမြင့်မားဆုံးနှင့် ကမ္ဘာ့ထိပ်တန်း ဂုဏ်သရေရှိ အခွန်လွတ်အံဖွယ်နိုင်ငံ" အဖြစ် အောင်မြင်စွာ ရပ်တည်နေနိုင်ခြင်း ဖြစ်ပေတော့သည်။
ကိုးကားချက်များ
၁။ ၁၈၆၁ ပြင်သစ်-မိုနာကို စာချုပ် (Franco-Monegasque Treaty) ဖေဖော်ဝါရီလ ၂ ရက်၊ ၁၈၆၁ ခုနှစ်
၂။ SBM (Monte-Carlo SBM) ခေါ် ကာစီနိုနှင့် အပန်းဖြေလုပ်ငန်းဆိုင်ရာ အများပိုင်ကုမ္ပဏီ တည်ထောင်ခြင်း တရားဝင်မှတ်တမ်း - ၁၈၆၃ ခုနှစ်
၃။ လူပုဂ္ဂိုလ်ဝင်ငွေခွန် ဖျက်သိမ်းကြောင်း တော်ဝင်အမိန့်ဒီကရီ (Sovereign Ordinance) - ဖေဖော်ဝါရီလ ၈ ရက်၊ ၁၈၆၉ ခုနှစ်
၄။ ပြင်သစ်-မိုနာကို ဘဏ္ဍာရေးဆိုင်ရာ သဘောတူညီချက်စာချုပ် (Franco-Monegasque Fiscal Convention) - ၁၉၆၃ ခုနှစ်
၅။ မိုနာကိုနိုင်ငံ အထွေထွေအခွန်ဥပဒေကျမ်း (Code général des impôts - Principauté de Monaco) - ၂၀% တန်ဖိုးသင့်အခွန် (VAT) ပြဋ္ဌာန်းချက်
၆။ Jackson, N. (2010). "Monaco: The History of a Royal House". London: Landmark Publishing. (စာအုပ်)
Author | WY
28/6/26