Ven Vepulla I believe myself,afraid of pretending

18/03/2023

" သောတာပန် " တို့ကိုသိစေချင်တဲ့..
☸️ ဉာဏ်စဥ်အကြောင်း- သတ္တမပိုင်း- ( ၁ ) ☸️
••••••••••••••••••••••••••
ခန္ဓာ( ၅ )ပါး-တစ်ဦး

ဉာဏ်စဥ်အကြောင်းနဲ့ပတ်သက်လို့ အပိုင်းလိုက်ခွဲပြီး ဓမ္မဒါန ပြုလာတာ သတ္တမပိုင်းကိုရောက်ရှိလာပါပြီ။ ခုမှ စပြီး ဖတ်ရှုသူအနေနဲ့ ကြားဖြတ်ဖတ်ရှုလို့ဖြင့် နားလည်သဘောပေါက်ဖို့ ခက်ခဲမှုရှိပါလိမ့်မယ်။ အကယ်၍ မိမိအနေနဲ့ အခုမှစပြီး ဖတ်ရှုသူဖြစ်ပါက ( ပထမ ) ပိုင်း ဖြစ်တဲ့
https://www.facebook.com/101270380301287/posts/1178132522615062/?d=n
စတင်ပြီး ဖတ်ရှုဖို့ အကြံပြုပါတယ်။

ဉာဏ်စဥ်အကြောင်းရဲ့ဒီသတ္တမ အပိုင်းမှာကတော့ ....
ဉာဏ်စဥ်( ၁၁ ) ဖြစ်တဲ့ " သင်္ခါရုပေက္ခာဉာဏ်" အကြောင်း ကို ဆက်လက်ကုသိုလ်ပြုဖော်ပြပေးမှာဖြစ်ပါတယ်။
ဒီ " သင်္ခါရုပေက္ခာဉာဏ်" အကြောင်းကို ဖေါ်ပြတဲ့အခါမှာ စာကြောင်းရေများပြားမှာမို့ဖေ့စဘုတ်စာမျက်နှာတွေက စာကြောင်းရေကန့်သတ်ထားတဲ့အတွက်ကြောင့် နှစ်ပိုင်းခွဲပြီးရှေးဦးစွာ "ဉာဏ်စဥ်အကြောင်း- သတ္တမပိုင်း- ( ၁ )" ဆိုပြီး ခေါင်းစဥ်တတ်ဖော်ပြရခြင်းဖြစ်ပါတယ်။

ဆဋ္ဌမပိုင်းတုန်းက ဖော်ပြခဲ့တဲ့ ဉာဏ်စဥ်(၁၀) ဖြစ်တဲ့ "ပဋိသင်္ခါဉာဏ်" ရင့်သန်လာတဲ့အခါမှာ ရှုမှတ်နေတဲ့ယောဂီဟာ၊ ရှုမှတ်ရတာ ပေါ့ပါးနေပြီးတော့ သွက်သွက်လက်လက်နဲ့အထူးကောင်းမွန်လာပါတယ်၊ မှတ်စရာအာရုံကို အထူးရှာကြံမ​နေရတော့ပါဘူး။ရှုမှတ်နေတဲ့ ရှုမှတ်မှု ရှေ့တစ်မှတ်ဆုံးသွားရင်၊ နောက်တစ်ခုမှတ်စရာက အလိုလိုပေါ်လာပါတယ်၊ အဲဒီလိုပေါ်လာသမျှကိုလည်း မှတ်မိအောင် အရင်လိုအထူးကြောင့်ကြမစိုက်ရတော့ဘူး၊ သူ့အလိုလိုပဲ မှတ်သိသွားနေသလို ဖြစ်နေပါတယ်၊ အဲဒီလို အာရုံပေါ်အောင်လည်း ကြောင့်ကြမစိုက်ရဘဲနဲ့ သူ့အရှိန်နဲ့သူ လွယ်လင့်တကူ သိရုံမျှကလေး မှတ်သိသွားသလိုဖြစ်နေတယ်။ ဥပမာ ပေါ်လာတဲ့ အာရုံလေးတွေကို " ကောင်းတယ်၊ ဆိုးတယ် " လို့ မဆုံးဖြတ် မစွဲလန်းဘဲနဲ့ သိရုံကလေး၊ သိသိနေတာဟာ အညီအမျှနဲ့ လစ်လျူရှုနေတာပါပဲ၊ ဒါ့ကြောင့် အထူးကြောင့်ကြမှု မပြုရတော့ဘဲ အလိုလိုထင်ပေါ်လာတဲ့ သင်္ခါရတို့ကို အညီအမျှရှုမှတ်နေတာက " သင်္ခါရုပေက္ခာဉာဏ် " လို့ ဆိုထားပါတယ်။
ပြီးခဲ့တဲ့ "ပဋိသင်္ခါဉာဏ်" တုန်းကဆိုရင် " နောက်ပိုင်းမှာမှတ်လို့ကောင်းနေတယ်" ဆိုပေမယ့်လို့၊ ကြောင့်ကြစိုက်ပေးနေရတာတွေကရှိနေပါသေးတယ်၊ အဲဒီတုန်းက ကြောင့်ကြမစိုက်ပြန်ရင် ရှုမှတ်မှုက ဖြောင့်ဖြောင့်မတ်မတ် မသွားသေးပါဘူး၊ ပျက်ပျက်သွားပါသေးတယ်။ အခုလို "သင်္ခါရုပေက္ခာဉာဏ်" ကို ရောက်လာတော့ ယောဂီဟာ အထူးကြောင့်ကြစိုက်စရာမလိုတော့ဘူး၊ ကြောင့်ကြမစိုက်ဘဲနဲ့ မှတ်စရာအာရုံတွေက တစ်ခုပြီးတစ်ခု အလိုလို ပေါ်နေတာပဲ၊ ရှုမှတ်သိမှုကလည်း သူ့အရှိန်နဲ့သူ အော်တိုလေး မှတ်လျက် မှတ်လျက်ဖြစ်နေတယ်။ အဲဒီလိုရှုမှတ်နေတဲ့အခါမှာ ယောဂီဟာ ကောင်းတာဆိုးတာတွေကို ဝေဖန်မနေတော့ဘူး၊ သိရုံသိရုံကလေး ညင်ညင်သာသာလေးနဲ့ ညီညီမျှမျှ သိသိသွားနေတာပါပဲ။
ဒီ " သင်္ခါရုပေက္ခာဉာဏ်" မှာ အထူး မှတ်သားရမှာဖြစ်တဲ့ ဂုဏ်အင်္ဂါ( ၆ ) ပါးရှိပါတယ်၊ အဲဒီဂုဏ်အင်္ဂါ ( ၆ ) ပါးကို မရှင်းပြခင်၊ မှတ်သားရတာလွယ်အောင် မဟာစည်ဆရာတော်ဘုရားကြီး စာစီထားတဲ့ ဆောင်ပုဒ်လေးကို အရင် ကုသိုလ်ပြုဖော်ပြပေးပါမယ်။
အဲဒီဂုဏ်အင်္ဂါ( ၆ ) ပါးကို ( ၃ )ပါးစီခွဲပြီး ( အ ) နဲ့ ( အာ ) ဆိုတဲ့ အက္ခရာအမှတ်နဲ့ ညီမျှမှု ဂုဏ်ပုဒ် နှစ်ခုကိုခွဲပြထားပါတယ်။

( အ ) အက္ခရာအမှတ်နဲ့ ညီမျှမှု ဂုဏ်ပုဒ်က..
"ကြောက်နှစ်သက်ခြင်း ကင်းရှင်းပေသည်၊ ချမ်းသာဆင်းရဲ ရှုမြဲတူညီ၊ ကြောင့်ကြမပြု မှတ်ရှုလွယ်သည်၊ သင်္ခါရု ညီမှုဂုဏ်သုံးမည်.."
လို့ ဆိုထားပါတယ်။

ဒီ " သင်္ခါရုပေက္ခာဉာဏ်" ရဲ့ ပထမ ဂုဏ်အင်္ဂါ သုံးပါးဆိုတာ ..
ပထမ အင်္ဂါက ကြောက်တာ၊နှစ်သက်တာ ကင်းရှင်းပေသည်.. တဲ့၊ ကြောက်ခြင်းလည်းကင်းတယ်၊ နှစ်သက်ခြင်းလည်းကင်းတယ်။
ကြောက်ခြင်းဆိုတာက ..
လောကမှာ အလိုလိုနေရင်း ကြောက်ခြင်းကတစ်မျိုး၊ တရားသဘောအလိုအားဖြင့် ကြောက်ခြင်းကတစ်မျိုး၊ ဒီလိုနှစ်မျိုးရှိပါတယ်။
လောကအလိုအားဖြင့် ကြောက်တယ်ဆိုတာက လောကမှာ ဘေးအန္တရာယ်တွေ၊ ရန်သူတွေနဲ့တွေ့မှာကို မျှော်တွေးပြီး၊ ကြောက်ရွံ့စိုးရိမ်ကြတယ်၊ တစ်စုံတစ်ခု အကျိုးမဲ့ဖြစ်သွားမှာကို မျှော်တွေးပြီးတော့လည်း ကြောက်ရွံ့စိုးရိမ်ကြတယ်၊ အကြောင်းရှိလို့ စဥ်းစားမိရင် ဒီလိုကြောက်ရွံ့စိုးရိမ်မှုတွေဟာ အများအားဖြင့်ဖြစ်လာကြတော့တာပါပဲ၊ နောင်ရေးကို တွေးပြီးတော့လည်း စိုးရိမ်းကြောင့်ကြခြင်း ပူပန်ခြင်းတွေဟာ အများအားဖြင့် ဖြစ်နေကြတာပါပဲ၊ ဒါပေမယ့် အခု သင်္ခါရုပေက္ခာဉာဏ် သန်သန်ကြီး ဖြစ်နေတဲ့ ယောဂီမှာကတော့ အဲဒီလို စိုးရိမ်မှု၊ ပူပန်မှု ကြောက်ရွံ့မှုတွေဟာ လုံးလုံးမဖြစ်ဘဲ ငြိမ်းနေတတ်တယ်၊ အကယ်၍ ဖြစ်ပေါ်လာရင်တောင်မှ များများမဖြစ်ပါဘူး၊ ကြာကြာမဖြစ်ဘူး၊ ခဏတဖြုတ်လောက်ဖြစ်ပြီး ပျောက်သွားပါတယ်၊ အဲဒီလိုမျိုး လောကဖက်က ကြောက်ရွံစိုးရိမ်ခြင်းကင်းတဲ့ပုံစံပဲဖြစ်ပါတယ်။
ပြီးတော့ တရားနဲ့ပတ်သက်ပြီး ကြောက်တယ် ဆိုတာကတော့.. ယောဂီအနေနဲ့ " ဘယဉာဏ်" တုန်းက ကြောက်တဲ့အခြင်းအရာတွေဖြစ်ခဲ့တယ်၊ ရှုမှတ်တိုင်း ရှုမှတ်တိုင်း အာရုံရော မှတ်စိတ်ရော တရိပ်ရိပ်နဲ့ တပျောက်ထဲ ပျောက်နေတာချည်းပဲတွေ့ရတော့ ကြောက်စရာတွေပဲ လို့ ထင်မြင်ပြီး၊ ကြောက်တဲ့ အခြင်းအရာလေးတွေ အဲဒီတုန်းက ဖြစ်ခဲ့တယ်၊ အခု သင်္ခါရုပေက္ခာဉာဏ်မှာကြတော့ အဲဒီလိုကြောက်တဲ့အခြင်းအရာတွေ ကြောက်စရာလို့ ဆင်ခြင်တာတွေဟာ ဘာမှ မဖြစ်တော့ဘူး။ အခု တရိပ်ရိပ်နဲ့ အပျက်ကို မြင်တာကတော့ ဒီ သင်္ခါရုပေက္ခာဉာဏ်မှာ ပိုပြီးရှင်းပါသေးတယ်၊ ဒါပေမယ့် ဘယဉာဏ်တုန်းကလိုမျိုး ကြောက်စရာလို့ ဆင်ခြင်တာတွေ၊ ကြောက်တာတွေကတော့ မဖြစ်လာပါဘူး၊ ဒါဟာ တရားရေးရာ အလိုအားဖြင့် ကြောက်ခြင်းကင်းတာပါပဲ။ ဒါတင်မကသေးဘူး၊ အာဒီနဝဉာဏ်တုန်းကလည်း မကောင်းဘူးလို့ အပြစ်မြင်ခဲ့တယ်၊နိဗ္ဗိဒါဉာဏ်တုန်းကလည်း ခြောက်သွေ့သွေ့ကြီးဖြစ်ပြီး ငြီးငွေ့ခဲ့တယ်။ မုဥ္စိတုကမျတာဉာဏ်မှာတုန်းမှာလည်း လွတ်မြောက်မှုကိုတွေးတွေးပြီး လွတ်မြောက်ချင်ခဲ့တယ်၊ ပဋိသင်္ခါဉာဏ်မှာလည်း တခါ လွတ်မြောက်အောင် အထူးကြောင့်ကြပြုခဲ့တယ်၊ အဲဒီလိုမျိုး အပြစ်မြင်တာတွေ၊ ငြီးငွေ့တာတွေ၊ လွတ်ချင်တာတွေ အထူးကြောင့်ကြစိုက်တာတွေဟာ ဒီ သင်္ခါရုပေက္ခာဉာဏ်မှာကျတော့ ဘာမှ ဖြစ်မလာတော့ဘူး၊ အကုန်လုံးငြိမ်းနေတယ်။ အဋ္ဌကထာမှာတော့ ပဓာနနည်း၊ နိဒဿနည်း အရဖြင့်တော့ ဘယဥ္စလို့ ကြောက်ခြင်းတစ်ခုထဲသာ ပြထားပါတယ်၊ ဒါပေမယ့် ကြောက်ခြင်းတစ်ခုထဲ ကင်းရုံနဲ့တော့ သင်္ခါရုပေက္ခာဉာဏ် မဖြစ်သေးပါဘူး။ အာဒိနဝ၊ နိဗ္ဗိဒါ၊ မုဥ္စိတုကမျတာ၊ ပဋိသင်္ခါ ဆိုတဲ့ ဒီဉာဏ်အားလုံးရဲ့ အခြင်းအရာတွေ အကုန်လုံးကင်းပျောက်မှသာ သင်္ခါရုပေက္ခာဉာဏ် ဖြစ်ပါတယ်။ ဒါကို ရည်ရွယ်ပြီး အဋ္ဌကထာမှာ ဘယဥ္စဝိပ္ပဟာယ လို့ ဆိုထားပါတယ်၊ အခုပြောခဲ့တဲ့အတိုင်း လောကဓမ္မ နှစ်ဌာနဆိုင်ရာ ကြောက်ခြင်းကို သင်္ခါရုပေက္ခာဉာဏ်က ပယ်တယ်.. တဲ့၊ ပယ်တယ်ဆိုတာ သင်္ခါရုပေက္ခာဉာဏ်ရဲ့ အစွမ်းကြောင့် အဲဒီကြောက်ခြင်းဖြစ်ပေါ်မလာတော့ဘဲ၊ ကင်းနေတာကိုလည်း ဆိုလိုပါတယ်၊ ဘယဆိုတဲ့ ကြောက်ခြင်းကင်းတော့ သူ့ရဲ့နောက်လိုက်ဖြစ်တဲ့ အပြစ်မြင်ခြင်း အထူးကြောင့်ကြစိုက်ခြင်း ဆိုတာတွေလည်း ဘယနဲ့အတူတူ တပါတည်းကင်းငြိမ်းသွားတော့ တာပါပဲ။
ပြီးတော့ နှစ်သက်ခြင်းဆိုတာကလည်း လောကအလိုအားဖြင့် နှစ်သက်ခြင်းကတစ်မျိုး၊ တရားသဘောအလိုအားဖြင့် နှစ်သက်ခြင်းကတစ်မျိုး၊ ဒီလို ၂-မျိုးရှိပါတယ်။
လောကအလိုအားဖြင့် နှစ်သက်ဝမ်းသာတယ်ဆိုတာက…
လောကီစီးပွားဥစ္စာ၊ ကြက်သရေဂုဏ်သိရ်တွေ၊ အခြွေအရံ အပေါင်းအဖော်တွေ ဒီလို လောကီချမ်းသာတွေနဲ့ ပြည့်စုံနေတဲ့အတွက် နှစ်သက်ဝမ်းသာ တာပါဘဲ၊ ဒီလို စီးပွားချမ်းသာတွေနဲ့ ရှေးက ကောင်းစားခဲ့တာတွေ၊ အခု လက်ငင်း ကောင်းစားနေတာတွေ၊ နောင်ကောင်းစားဖို့အရာတွေ ဒီလိုဟာတွေ တွေးတောစဉ်းစားပြီး လူတွေက နှစ်သက်ဝမ်းသာနေကြတယ်၊ တပြုံးပြုံးနဲ့ ပျော်ရွှင်နေကြတယ်၊ အယုတ်စွဆုံးအား ဖြင့် သူများက မြှောက်ပင့်ပြီး ချီးမွမ်းတာကလေး ကြားရယင်ကိုပဲ သာမာန်ပုထုဇဥ်လူတွေဆိုတာကတော့ ဝမ်းသာကြတော့တာပါပဲ၊ ဟုတ်ချင်ဟုတ် မဟုတ်ချင်နေ ချီးမွမ်းခံရတဲ့ လူကတော့ သဘောကျပြီး လက်ခံတော့တာပါပဲ၊ ဒီလိုဟာမျိုးကို လောကရေးရာ နှစ်သက် ခြင်းလို့ခေါ်ပါတယ်။
ဒါမျိုးဟာ အခုလို သင်္ခါရုပေက္ခာဉာဏ်ရောက်ယင် ကင်းငြိမ်းနေပါတယ်၊ လုံးဝ မငြိမ်းရင်တောင်မှ သက်သာခွင့် တော့ ကောင်းကောင်းကြီး ရနေပါတယ်။
ဒီဉာဏ်ရောက်နေတဲ့ ယောဂီဟာရှေးကကောင်းစား ချမ်းသာခဲ့တာ တွေ ဝမ်းသာစရာတွေကို စဉ်းစားမိပေမယ်လို့ တယ်ပြီးတော့ မထူးခြားလှဘူး၊ မတုန်မလှုပ်ဘူး၊ နောင်ကြီးပွားချမ်းသာမှာတွေ ဝမ်းသာစရာတွေကို တွေးကြည့်လို့လည်း တယ်ပြီးစိတ်မတက်ကြွလှဘူး၊ သူများက မြှောက်ပင့်ပြောပေမယ့်လည်း မတုန်လှုပ်ဘူး၊ သူက တော်တော်ကို ဣန္ဒြေရနေတယ်၊ ဒါဟာ လောကဘက်က နှစ်သက်ဝမ်းသာမှုတွေ ကင်းနေတာပါပဲ။

ပြီးတော့ တရားရေးရာအလိုအားဖြင့် နှစ်သက်ဝမ်းသာတယ် ဆိုတာကတော့ "ဥဒယဗ္ဗယဉာဏ်"တုန်းက နှစ်သက် ဝမ်းသာတာမျိုးပါပဲ၊ အဲဒီဉာဏ်ဏ်တုန်းကဆိုရင် ယောဂီမှာ အရောင်အလင်းတွေ ပီတိပဒ္ဓိတွေ သုခတွေ ဒီလို မတွေ့စဖူး၊ အထူး အဆန်းတွေနဲ့ တွေ့ပြီးတော့ အားရဝမ်းသာမှုတွေဟာ သိပ်ဖြစ်ခဲ့တာပေါ့၊ သိပ်ဝမ်းသာပြီး ပြောချင်ဟောချင်နဲ့ တကြွကြွလည်းဖြစ်နေတတ်ခဲ့ပါတယ်၊ ဒီဝမ်းသာမှုတွေက လွန်ကဲပြီး မထိန်းသိမ်းနိုင်အောင် ဝမ်းသာမှုတွေ လွန်ပြီးတော့ တချို့မှာ စိတ်ကမူမမှန် သလိုတောင် ခဏလောက်တော့ ဖြစ်ချင်လည်း ဖြစ်သွားတတ်ပါသေးတယ်၊ အဲဒါတွေဟာ တရားဘက်က နှစ်သက် ဝမ်းသာမှုတွေပါပဲ၊ အခု ဒီသင်္ခါရုပေက္ခာဉာဏ်ရောက်တော့ အမှတ်အသိတွေက ကောင်းပါတယ်၊ ဥဒယဗ္ဗယဉာဏ်ထက် အဆပေါင်းများစွာပဲ သာပြီးကောင်းပါသေးတယ်၊ ဒါပေမယ့် လို့ အဲဒီတုန်းကလိုမျိုး အားတက်သရော ဝမ်းမြောက်ဝမ်းသာမှုတွေကတော့ မဖြစ်တော့ပါဘူး၊ ဒါဟာ တရားဘက်က နှစ်သက်ဝမ်းသာမှု ကင်းနေတာပါပဲ။ ဒါကို ရည်ရွယ်ပြီးတော့ ဆိုထားတဲ့ အဋ္ဌကထာစကားကတော့ ဘယဉ္စ နန္ဒီဉ္စ ဝိပ္ပဟာယ ကြောက်ခြင်း၊ နှစ်သက်ခြင်း ဒီနှစ်မျိုးကို ပယ်ပြီးတော့၊ ဒီနှစ်မျိုးလုံး ကင်းငြိမ်းပြီးတော့၊ သဗ္ဗသင်္ခါ ရေသု ဥဒါသိနော ရှုမှတ်ရတဲ့ အာရုံအပေါ်မှာရော ရှုမှတ်တဲ့ စိတ်ရဲ့ အပေါ်မှာရော မချစ်မမုန်း အလယ်အလတ် ညီညီမျှမျှ ရှုပါတယ်တဲ့။
ဒါကြောင့် မဟာစည်ဆရာတော်ဘုရားကြီးရဲ့ဆောင်ပုဒ်က……ကြောက်နှစ်သက်ခြင်း ကင်းရှင်းပေသည်၊ ချမ်းသာဆင်းရဲ ရှုမြဲတူညီ..။

ချမ်းသာနှင့် ဆင်းရဲကိုလည်း သင်္ခါရုပေက္ခာက ညီတူညီမျှ ရှုနိုင်ပါတယ်..တဲ့၊ နေဝ သုမနော ဟောတိ န ဒုမ္မနော၊ ဥပေက္ခ ကော ဝိဟရတိ သတော သမ္မာနော၊ ဒါက ဆဠင်္ဂုပေက္ခာဖြစ်ပုံကို ဟောထားတဲ့ ဘုရားစကားတော်ဘဲ၊ စက္ခုနာ၊ မျက်စိဖြင့် ရူပံ၊ အဆင်းကို ဒိသွာ၊ မြင်ပြီး၍ နေဝ သူမနော ဟောတိ၊ ဝမ်းမြောက်ဝမ်းသာလည်း မဖြစ်ပါဘူးတဲ့၊ လှပတင့်တယ်တဲ့ အဆင်းတွေ၊ ကိုယ်ကြည့်ချင် မြင်ချင်တာကလေးတွေကို ကြည့်ရမြင်ရလို့လည်း ဝမ်းမြောက် ဝမ်းသာခြင်း မဖြစ်ပါဘူးတဲ့၊ နဒုမ္မနော ဟောတိ၊ နှလုံးမသာခြင်းလည်းမဖြစ်ပါဘူးတဲ့၊ မမြင်ချင်တာတွေ မြင်ပြင်းကပ်စရာတွေ ကြောက်စရာ ရွံစရာတွေ၊ ဒီလိုမကောင်း တဲ့ အဆင်းတွေမြင်ရလို့လည်း နှလုံးမသာယာခြင်း၊ ကြောက်လန့်ခြင်း၊ ဝမ်းနည်းခြင်း၊ စက်ဆုတ်ရွံရှာခြင်း၊ ဒီလိုဟာတွေလည်း မဖြစ်ပါဘူးတဲ့ ဒါဖြင့် ဘယ်လိုစိတ်တွေ ဖြစ်နေသလဲလို့ ဆိုတော့တာ ဥပေက္ခာကော ဝိဟရတိ သိပ္ပံသိရုံကလေး အညီအမျှ ရှုနေနိုင် ပါတယ်တဲ့၊ ဘာကြောင့် ဒီလို အညီအမျှ ရှုနေနိုင်ပါသလဲလို့ဆိုလို့ရှိရင် သဘောအမှတ်ရပြီးတော့ သမ္မဇာနော၊ သိနေလို့ပါပဲတဲ့၊ မြင်တိုင်းမြင်တိုင်းဟာ အမှတ်ရပြီးတော့ အဲဒီမြင်ရတဲ့ သဘောကလေးကို အမှန်အတိုင်း သိသိနေတယ်၊ အဲဒါကလေးဖြစ်ပေါ် ပြီး ပျောက်ပျောက်သွားတာကိုလည်း သိတယ်၊ မမြဲဘူး၊ နှစ်သက်ဖွယ်မရှိတဲ့ သဘောပဲ၊ ငါကောင် မဟုတ်တဲ့ သဘောမျှပဲ ဆိုတာကိုလည်းသိတယ်၊ ဒီလိုမြင်တိုင်း မြင်တိုင်း အမှတ်ရ ပြီးတော့ သိနေလို့ အညီအမျှရှုပြီး နေနိုင်တာလို့ ဆိုလိုပါတယ်။

အဲဒီမြင်ရာမှာလိုဘဲ၊ ကြားရာ နံရာ စားရာ တွေ့ထိရာ စိတ်ကူး စဉ်းစားစရာတွေမှာလည်း အတူတူပါပဲ၊ ဒွါရ ( ၆ )ပါးက ပေါ်တိုင်း ပေါ်တိုင်း ရုပ်နာမ်တွေကိုအမှတ်ရပြီး အမှန်အတိုင်းသိနေရင်ဘယ်လိုပဲ ကောင်းတာတွေနဲ့ တွေ့နေပေမယ့်လည်း ဝမ်းမြောက်ဝမ်းသာ မဖြစ်ဘူး၊ ဘယ်လိုပဲ မကောင်းတာတွေနဲ့ တွေ့ နေပေမယ့်လည်း နှလုံးမသာယာမဖြစ်ဘူး၊ ညီတူညီမျှပဲရှုပြီးနေနိုင်ပါ တယ်တဲ့၊ ကိုယ်ထဲက ညောင်းတာ နာတာ ပူတာ ကျဉ်တာတို့ ဒီလိုဆင်းရဲမျိုးတွေကတော့ ဒီလိုအခါမှာ များသောအားဖြင့် ကင်းငြိမ်းနေပါတယ်၊ မူလက ချောင်းဆိုးတာတို့ ၊ ယားနာတို့ ဒီလိုရောဂါရှိနေတဲ့ သူဖြစ်ပေမယ့်လို့ ဒီသင်္ခါရုပေက္ခာဉာဏ် အမှတ် ကောင်းနေတဲ့ အခါမှာဆိုရင် အဲဒီလက္ခဏာတွေ လုံးလုံးပျောက်နေတယ်၊ ချောင်းလည်းမဆိုးဘူး၊ ယားလည်းမယားတော့ဘူး၊ အေးငြိမ်းလို့ နေသာထိုင်သာ ဖြစ်နေတော့တာပါပဲ၊ တော်ရုံတန်ရုံ ရောဂါဝေဒနာတွေကတော့ သင်္ခါရု ပေက္ခာ အမှတ်ကောင်းနေတုန်းမှာ ဆိုယင် ဒီလိုဘဲ ပျောက်နေ တတ်ပါတယ်၊ အချို့ပုဂ္ဂိုလ်တွေမှာဆိုရင် ရှေးကဆေးအမျိုးမျိုးနဲ့ကုလို့ မပျောက်နိုင်တဲ့ ရောဂါဝေဒနာ အကြီးအကျယ်တွေ တောင်မှ ဒီသင်္ခါရုပေက္ခာ ရောက်တော့ ပျောက်သွားတတ်ပါသေးတယ်၊ ပျောက်ပြီးတော့ နောင်လည်း ကမ္မဋ္ဌာန်းက ထွက်နေတဲ့ အချိန်အခါမှာတောင် မပေါ်လာတော့ပါဘူး၊ ဒီလို ပျောက်ဘူးတာတွေလည်း ရှိပါတယ်၊ ဒါကြောင့် ဒီသင်္ခါရုပေက္ခာဉာဏ် ရောက်နေတဲ့ အခါမှာ ကိုယ်ဆင်းရဲဆိုတာကတော့ မတွေ့ရတာဘဲများပါတယ်၊ အဆင်မသင့်လို့ ဆင်းရဲတစ်မျိုးမျိုး ဖြစ်ပေါ်လာတောင်မှ မခံသာလှအောင်မရှိဘူး၊ သည်းခံနိုင်တယ်၊ အမှတ် မပျက်ဘဲ ဣန္ဒြေရရနဲ့ မှတ်သွားနိုင်တယ်၊ ဒါကြောင့်မို မဟာစည် ဆရာတော်ကြီးကလည်း ဆောင်ပုဒ်မှာ “ချမ်းသာဆင်းရဲ ရှုမြဲတူညီလို့ စာစီထားတာပါ၊ အဲဒါဟာ သင်္ခါရုပေက္ခာဉာဏ်ရဲ့ဒုတိယအင်္ဂါပါပဲ။

တတိယအင်္ဂါကတော့ “ကြောင့်ကြမပြု မှတ်ရှု လွယ်သည်” တဲ့၊ ပဋိသင်္ခါဉာဏ်တိုင်အောင် အောက်ဉာဏ်တွေတုန်းက ဆိုရင် .. ယောဂီဟာ ကြောင့်ကြစိုက်မှတ်နေမှ တော်ရုံပဲရှိတယ်၊ ကြောင့်ကြမှုတွေ လျော့သွားရင် အမှတ်ကပျက်ပျက်သွားတတ်ပါတယ်၊ ယခု ဒီဉာဏ်ရောက်လာတော့ ကြောင့်ကြမစိုက်ဘဲနဲ့ ရှုလို့မှတ်လို့ ကောင်းနေတယ်၊ ရှုရ မှတ်ရ လွယ်နေတယ်၊ ဒါကြောင့် အဋ္ဌ ကထာမှာ "သင်္ခါရဝိစိနနေ မဇ္ဈတ္တံ ဟုတွာ"လို့ဆိုထားတယ်၊ သင်္ခါရတရားတွေကို ရှုမှတ်မှုမှာ အလယ်အလတ်ပါပဲတဲ့၊ သင်္ခါရ တရားတွေကို ရှုမှတ်မိအောင် အမှတ်အသိကောင်းအောင် ကြောင့်ကြ ဗျာပါဒကို အထူးမစိုက်တော့ဘူး၊ သူ့အလိုလိုပဲ ရှုမှတ်မူ ဖြစ်ပြီး အမှတ်အသိကလေးဟာ ကောင်းနေတယ်လို့ဆိုလိုတယ်၊ ဒီနေရာမှာ ​မေးစရာရှိပါတယ်၊ သင်္ခါရုပေက္ခာဆိုတာ သင်္ခါရအပေါ်မှ သာ လျစ်လျူရှုသင့်တယ် မဟုတ်ပါလား၊ သင်္ခါရတွေကိုသိတဲ့ ဝိပဿနာဉာဏ် အပေါ်မှာတော့ ထပ်ဆင့်ပြီး လျစ်လျူရှုစရာ မလိုဘူး၊ မဟုတ်ပါလားလို့ ဒီလိုမေးစရာရှိပါတယ်၊ ဒါကြောင့် ဋီကာဆရာက “သင်္ခါရေသုပိယ၊ သင်္ခါရတွေမှာ လျစ်လျူရှုသလို ဘဲ၊ တေသံ ဝိစိနနေပိ၊ ထိုသင်္ခါရကို ရှုတဲ့ ဝိပဿနာရဲ့အပေါ်မှာလည်း၊ ဥဒါသီနီ ဟုတွာ အလယ်အလတ်ဖြစ်နေတာပါပဲ” လို့ ဖြေရှင်းပြထားပါတယ်။

ဒါကြောင့် သင်္ခါရုပေက္ခာ ဉာဏ်ရောက်ရင် မှတ်စရာအာရုံ သင်္ခါရတရားတွေ ပေါ်လာအောင်လို့လည်း ကြောင့်ကြမစိုက်ရတော့ဘူး၊ မှတ်သိမှုကလေးတွေ ကောင်းကောင်းဖြစ်နေအောင်လို့လည်းကြောင့်ကြမစိုက်ရတော့ဘူး၊ ဒီလို ကြောင့်ကြမစိုက်ပေမဲ့ အားထုတ်မှုလည်းလျော့မသွားဘူး၊ အလယ်အလတ်ညီမျှပြီး ကောင်းနေတာဘဲ၊ မှတ်စရာ အာရုံကလေးတွေကလဲ သူဟာသူ ပေါ်လို့ မှတ်သိတဲ့ စိတ်ကလေးကလဲ သူ့ဖာသာသူ သိလျက်သိလျက်ဖြစ်လို့ လွယ်လွယ်ကူကူကလေးနဲ့ပဲ မှတ်သိပြီးသွား နေတယ်၊ “အထူးကြောင့်ကြမပြုရဘဲနဲ့ အမှတ်အသိကလေးတွေ အလွယ်တကူ ဖြစ်နေတယ်” လို့ ဆိုလိုပါတယ်။
ဖြစ်ပုံကတော့ ... စူးစူးစိုက်စိုက်မှတ်တော့မယ်ဆိုရင် ဝင်တယ်၊ ထွက်တယ်၊ သိတယ်ပဲမှတ်မှတ်၊ ဖောင်းတယ် ပိန်တယ် ထိုင်တယ် ထိတယ် မှတ်မှတ် စသည်ဖြင့် မှတ်ခါစ လေးငါးဆယ်ချက် လောက်ပဲ စူးစိုက်ပြီး အခြေတည်ပေးလိုက်ရတယ်၊ ဒီလို စူးစိုက်ပြီး အခြေတည်နေတာကတော့ သင်္ခါရုပေက္ခာ မဟုတ်သေး ဘူး၊ အောက်ဉာဏ်တွေပဲ ရှိနေသေးတယ်၊ အဲဒီလို လေးငါးဆယ်ချက် အခြေတည်ပြီးတဲ့နောက်မှာတော့ ကြောက်ကြကို မစိုက်ရ တော့ဘူး၊ သူ့ဟာသူ မှတ်သိမှတ်သိပြီး သူ့အရှိန်နဲ့သူ သွားနေတော့ တယ်၊ ဥပမာ…နွားတယှဉ်းလုံး စုံကောင်းတဲ့ လှည်းကိုမောင်း ရတဲ့ လှည်းသမားဟာ နွားနှစ်ကောင်က သူတို့ဟာသူတို့ မှန်မှန်သွားနေတာနဲ့ ဘယ်နွားကိုမှ မောင်းလည်း မမောင်းရဘူး၊ ဆွဲလည်း မဆွဲရဘူး၊ လှည်းပေါ်က အသာကလေးမှေးပြီး လိုက်နေရုံပဲရှိတယ်၊ အခု ယောဂီမှာလည်း အဲဒီလိုပဲ အာရုံတွေကလည်း တစ်ခုပြီးတစ်ခု သူ့ဟာသူ ပေါ်ပေါ်နေတယ်၊ အသိကလည်း သူ့ဟာသူပဲသိသိသွားနေတယ်၊ ဒါကြောင့် ယောဂီက ထိုင်ရုံကလေး ထိုင်နေရသလိုပဲဖြစ်နေတယ်၊ တနည်းဥပမာပြရရင် လမ်းကလည်းကောင်း ၊ တိုက်စရာ ရှောင်စရာလည်း မရှိတဲ့ လမ်းပေါ်မှာ မော်တော်ကားကောင်ကလေး မောင်းနေရတဲ့ ကားမောင်းသမားရဲ့ သက်သာပုံနဲ့လည်းတူပါတယ်။အဲဒီလိုအခါ ကားသမားမှာ ဘာမှ ကြောက်ကြမစိုက်ရတော့ဘဲ မှေးပြီးလိုက်နေရသလိုပဲ၊ ဒီသင်္ခါရုပေက္ခာဉာဏ်ဖြစ်လာတဲ့အခါ ယောဂီမှာ သူ့အလိုလို သိသိသွားနေတာကလေးကို မှေးပြီးလိုက်သွားရုံပဲ ရှိပါတော့တယ်၊ အင်မတန်ပဲသက်သာလွယ်ကူနေပါတယ်၊ အဲဒါက သင်္ခါ ရုပေက္ခာရဲ့ တတိယအင်္ဂါပါပဲ။
အခုကုသိုလ်ပြု ဖော်ပြလိုက်တာကတော့ သင်္ခါရုပေက္ခာဉာဏ်ရဲ့ ဂုဏ်အင်္ဂါ ( ၆ ) ရပ်အနက် ပထမဂုဏ်အင်္ဂါ ( ၃ ) ရပ်ပါပဲ။
ဒုတိယဂုဏ်အင်္ဂါ ( ၃ ) ရပ်ကို ☸️ ဉာဏ်စဥ်အကြောင်း- သတ္တမပိုင်း- ( ၂ ) ☸️ မှာ
https://www.facebook.com/photo?fbid=199978669329737&set=a.182782357716035 ဆက်လက်ဖော်ပြပေးလိုက်ပါတယ်။

သာဓု သာဓု သာဓု။

ခန္ဓာ( ၅ )ပါး-တစ်ဦး
( မတ်လ ၁၄- ၂၀၂၃ )

လက်ကိုင်ဖုန်း ဖြင့် စာစီရခြင်းဖြစ်သည့်အတွက် သတ်ပုံမှားယွင်းမှုများ တွေ့ရှိပါက သည်းခံခွင့်လွှတ်ပြီး ပြင်ဆင်ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။

ที่อยู่

Ban Lam Sai
13170

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ven Vepullaผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์

ประเภท