23/06/2026
တရားဝင် ရှင်းလင်းထုတ်ပြန်ကြေညာချက်
The Century Bangkok Co., Ltd. အပေါ် လူမှုကွန်ရက်များတွင် မမှန်မကန် စွပ်စွဲဖော်ပြနေမှုများ၊ ဖိအားပေးမှုများနှင့် ငွေကြေးတောင်းဆိုမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းထုတ်ပြန်ခြင်း
နေ့စွဲ။ ။ ၂၃၊ ဇွန်လ၊ ၂၀၂၆
ကျွန်ုပ်တို့ The Century Bangkok Co., Ltd. နှင့်ပတ်သက်ပြီး လူမှုကွန်ရက်များပေါ်တွင် လုပ်ငန်းဂုဏ်သိက္ခာ၊ ကုမ္ပဏီ၏ ဝန်ထမ်းများ၊ မိတ်ဖက်များနှင့် ကုမ္ပဏီနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော တတိယပုဂ္ဂိုလ်များအပေါ် မမှန်ကန်သော စွပ်စွဲချက်များ၊ တစ်ဖက်သတ်ဖော်ပြချက်များ၊ အထောက်အထားမပြည့်စုံသော ပြောဆိုရေးသားမှုများနှင့် အများပြည်သူ အထင်အမြင်လွဲမှားစေနိုင်သော သတင်းအချက်အလက်များအား ဖြန့်ဝေရေးသားနေသည်ကို တွေ့ရှိရပါသည်။
ကျွန်ုပ်တို့အနေဖြင့် အဆိုပါကိစ္စအား စွပ်စွဲသူ၏ အထောက်အထားများအပေါ် အခြေခံ၍ ငြိမ်းချမ်းစွာဖြေရှင်းရန် ကြိုးပမ်းခဲ့သော်လည်း ဖြစ်ပျက်ခဲ့သောအခြေအနေအမှန်များကို အများပြည်သူ သိစေရန် ဤတရားဝင်ရှင်းလင်းထုတ်ပြန်ချက်အား ထုတ်ပြန်အပ်ပါသည်။
၁။ ပြဿနာစတင် ဖြစ်ပေါ်လာပုံ
စွပ်စွဲပြောဆိုနေသူသည် DTV ဗီဇာဝန်ဆောင်မှု အား ကျွန်ုပ်တို့ The Century Bangkok Co., Ltd. သို့ အပ်နှံခဲ့ပြီးကာလမှစ၍ ချင်းမိုင် မွေထိုင်းကျောင်းသို့ ၆လစာ ကျောင်းစာရွက်စာတမ်းအတွက် ငွေသွင်းမှုအား ၎င်းအနေဖြင့် မကျေနပ်ရာမှ စတင်ခဲ့ပါသည်။
ကျွန်ုပ်တို့သည် DTV ကာစတန်မာအားလုံးကို ဝန်ဆောင်မှု စတင်စုံစမ်းစဉ်ကာလကတည်းက DTV Pamphlet ထဲတွင် ကျောင်းစာရွက်စာတမ်း (၆)လစာ အတွက်သာ ငွေသွင်းရကြောင်း အသိပေးခဲ့ပြီးသားဖြစ်ပါသည်။
သို့သော် ၎င်းဘက်မှ “The Century Bangkok သည် ကျောင်းလခကို (၁) နှစ်စာမသွင်းဘဲ (၆)လစာသာ ငွေသွင်းပြီး ဝန်ဆောင်ခအား ပိုယူပါသည်” ဟုလည်းကောင်း၊ “ကျောင်းသို့ ငွေ အမှန်တကယ် မသွင်းဘဲ စာရွက်စာတမ်းအတုဖြင့် သံရုံးကို တင်ခဲ့ပါသည်။” ဟုလည်းကောင်း၊ လူမှုကွန်ရက်ပေါ် ထိုင်း group ထဲတွင် မဟုတ်မမှန် တစ်ဖက်သက် စတင် စွပ်စွဲခဲ့ပါသည်။
၂။ ညှိနှိုင်းဖြေရှင်းရန် ကြိုးစားခဲ့သည့် ဖြစ်စဉ်
ကျွန်ုပ်တို့အနေဖြင့် ၎င်း၏အထင်လွဲ စွပ်စွဲချက်များကို ဖြေရှင်းနိုင်ရန် The Century Bangkok ၏ သက်ဆိုင်ရာဝန်ထမ်းနှင့် တာဝန်ရှိသူများဖြင့် ဖုန်းပြောဆိုသောအခါတိုင်းတွင် ၎င်းဘက်မှာ ဖြေရှင်းချက်အား လက်ခံနားထောင်ခြင်းမရှိဘဲ ရိုင်းစိုင်းသော စကားလုံးများ၊ ဆဲဆိုမှုများသာ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါသည်။ ကျွန်ုပ်တို့ဘက်တွင် ထိုဆက်သွယ်ရေးမှတ်တမ်း သက်သေများလဲရှိပါသည်။
သို့သော် စွပ်စွဲပြောဆိုနေသူသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ နေအိမ်သို့ ပြန်သွားသည်ဟု ပြောသောကြောင့် The Century Bangkok ဘက်က မြန်မာနိုင်ငံဘက်တွင် ဆက်သွယ်၍ ဖြေရှင်းပေးနိုင်ရန် ကြားခံညှိနှိုင်းပေးမည့်သူကတစ်ဆင့် ဖုန်းဖြင့် တိုက်ရိုက်ဆက်သွယ်ပေးခဲ့ပါသည်။
ဖုန်းဖြင့် ဆက်သွယ်သောအခါ စွပ်စွဲပြောဆိုနေသူ၏ ဖခင်ဘက်မှ ဗီဇာနှင့်ပတ်သက်သော အငြင်းပွားမှုများကို လူကြီးချင်းသာ စကားပြော ညှိနှိုင်းလိုကြောင်း၊ ၎င်းတို့၏နေအိမ် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား (၁) ရက်ကွပ်၊ ကမ္ဘောဇလမ်း ၊ အိမ်နံပါတ် (*) သို့ လာခဲ့စေလိုကြောင်း စတင် ပြောဆိုခဲ့ပါသည်။
The Century Bangkok ၏ကိုယ်စားရန်ကုန်ဘက်တွင် ကြားခံညှိနှိုင်းပေးသူ လူကြီးသည် ၎င်းတို့နှင့် ဗီဇာကိစ္စဖြစ်စဉ်ကို ငြိမ်းချမ်းစွာ ဆွေးနွေးနိုင်မည်ဟု ယူဆ၍ ၎င်းတို့ ဖိတ်ခေါ်သည့်အတိုင်း ၎င်းတို့နေအိမ်သို့ ၄ရက်နေ့ ၊ ဇွန်လ၊ ၂၀၂၆ ညနေ ၆:၀၀ တွင် သွားရောက်ခဲ့ပါသည်။
၃။ ၎င်းတို့ နေအိမ်၌ညှိနှိုင်းဖြေရှင်းရန် သွားရောက်ခဲ့စဉ် ဖြစ်ပေါ်ခဲ့သော ငွေညှစ်ခံရမှု
၎င်းတို့ဘက်မှ ဖုန်းထဲတွင် ဗီဇာကိစ္စအား လူကြီးချင်း ဆွေးနွေးနိုင်ရန်ဟု ဖိတ်ခေါ်ခဲ့သော်လည်း ၎င်းတို့၏ ဗဟန်းမြို့နယ် နေအိမ်သို့ ရောက်သောအခါ ဗီဇာကိစ္စအကြောင်း အဆွေးနွေးမခံဘဲ အိမ်တံခါးများပိတ်ပြီးပိုင်နက်ကျူးလွန်မှုဖြင့် ဖမ်းဆီးနိုင်သည်ဟု စတင် ခြိမ်းခြောက်ပြောဆိုခဲ့ပါသည်။ ထို့ပြင် အိမ်ထဲတွင် ရဲတပ်ဖွဲ့ဝင်ဟု ဆိုသူတစ်ဦး ၊ လုံခြုံရေးအဖွဲ့ဝင် (စ.ရ.ဖ) ဟု ဆိုသူတစ်ဦး ၊ ရှေ့နေဟု ဆိုသူတစ်ဦးနှင့် အတူပူးပေါင်းကြံရွယ် အတင်းအဓ္ဓမ ခြိမ်းခြောက်ခဲ့ပြီး ဘတ်ငွေ ၁,၀၀၀,၀၀၀ (၁၀ သိန်း) ပေးရန် ခြိမ်းခြောက်တောင်းဆိုခဲ့ပါသည်။
The Century Bangkok ၏ ကြားခံညှိနှိုင်းပေးသူဘက်မှ ဗဟန်းမြို့နယ်ရဲစခန်းသို့ သွားရောက်ဖြေရှင်းလိုကြောင်း ပြောဆိုခဲ့သော်လည်း ၎င်းတို့ဘက်က ရဲစခန်းသို့ အသွားမခံဘဲ ၎င်းတို့၏ နေအိမ်ထဲတွင်သာ ၎င်းတို့ဘက်ကတောင်းသော ငွေကိုပေးရန် ပြောဆိုခဲ့ပါသည်။ ထို့ပြင် ၃ ရက်နေ့ ၊ ဇွန်လ၊ ၂၀၂၆ တွင် The Century Bangkok page ဘက်မှ သက်သေနှင့်တကွ ပြန်လည်ဖြေရှင်း တင်ထားခဲ့သော စာကိုပါ ၎င်းတို့ဘက်မှ ဖိအားပေး၍ ချက်ချင်း ဖျက်ချခိုင်းခဲ့ပါသည်။
ထိုညတွင် The Century Bangkok ၏ကိုယ်စား သွားရောက်ဖြေရှင်းပေးသူ လူကြီး၏ လုံခြုံရေး အခြေအနေကြောင့် ၎င်းတို့ တောင်းဆိုခဲ့သော ဘတ်ငွေ ၁,၀၀၀,၀၀၀ (၁၀ သိန်း) အစား ဘတ်ငွေ ၂၀၀,၀၀၀ (၂ သိန်း) ဖြင့်ညှိနှိုင်းခါ ၎င်းတို့နေအိမ်မှ ည ၁၀:၀၀ နာရီ ဝန်းကျင်တွင် အန္တရာယ်ကင်းစွာ ပြန်လည် ထွက်ခွါလာနိုင်ခဲ့ပါသည်။
ထိုငွေပေးမှုနှင့်ပတ်သက်၍ The Century Bangkok ကိုယ်စား ကြားခံညှိနှိုင်းပေးသူ၏ မိတ်ဆွေမှ ဘတ်ငွေ ၂သိန်းဖြင့် ညီမျှသော မြန်မာငွေကျပ် ၂၆၄ သိန်း (နှစ်ရာခြောက်ဆယ့်လေးသိန်း) ၎င်းတို့၏ နေအိမ်သို့ ငွေသားယူလာပေးစဉ် သက်သေလူကြီးအဖြစ် စခန်းမှူးအား ခေါ်ဆောင်လာမည်ဟု ပြောဆိုခဲ့သော်လည်း ၎င်းတို့၏နေအိမ်သို့ ရဲခေါ်မလာခဲ့ရန် ပြောဆိုခဲ့ပါသည်။
ကျွန်ုပ်တို့အနေဖြင့် အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ၎င်းတို့ဘက်နှင့် ပြောဆိုခဲ့သော ဆက်သွယ်မှုမှတ်တမ်းသက်သေများ၊ ၎င်းတို့ဘက်က တောင်းယူခဲ့သော ငွေပမာဏအား ၎င်းတို့၏ နေအိမ်ထဲတွင် ပေးခဲ့သော သက်သေအထောက်အထားများ၊ သက်သေခံနိုင်သူများနှင့် အခြားသက်ဆိုင်ရာ အထောက်အထားများစုစည်းသိမ်းဆည်းထားသလို သက်ဆိုင်ရာဌာနများသို့လဲ အကြောင်းကြားခဲ့ပြီး ဖြစ်ပါသည်။
၄။ ၎င်းဘက်က လူမှုကွန်ယက်ပေါ်တွင် ရေးသားခဲ့သောစာများ
စွပ်စွဲပြောဆိုနေသူသည် လူမှုကွန်ယက်ပေါ်တွင် ဖြစ်ခဲ့သော အခြေအနေအမှန်များအား ဖုံးကွယ်ပြီး မမှန်မကန် ၎င်းဘက်မှ စွပ်စွဲဖော်ပြခဲ့ပါသည်။
၁) Visa reject ဖြစ်သော်လည်း ပြန်အမ်းငွေပြန်မပေးကြောင်း စွပ်စွဲခြင်း
၂) ကျောင်းကို ၁ နှစ်အစား ၆ လသာ အပ်နှံပေးခဲ့သည်ဟု စွပ်စွဲခြင်း
၃) ဝန်ဆောင်မှုအပ်ခဲ့သော ၂၀၂၆ မတ်လတွင် The Century Bangkok က DTV အောင်ချက် ၈၀% ရှိပါသည် ဟုပြောဆိုခဲ့ခြင်းကို ဝန်ဆောင်မှုလိမ်လည်ရောင်းခဲ့ပါသည် ဟု စွပ်စွဲခြင်း
၄) သံရုံးသို့ ကျောင်းစာရွက်စာတမ်းအတုဖြင့် visa application တင်ခဲ့သည်ဟု ထပ်မံစွပ်စွဲခြင်း
၅) ၎င်းတို့၏နေအိမ်ထဲတွင် အတင်းအဓ္ဓမ ငွေတောင်းခံရမှုကို ရဲစခန်းတွင် ရဲကိုသာပေးခဲ့ခြင်းဖြစ်သည်ဟု မမှန်မကန် ရေးသားခြင်းများ ပြုလုပ်ခဲ့ပါသည်။
အဆိုပါစွပ်စွဲချက်များနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့ဘက်မှ သက်သေအထောက်အထားများ၊ ဆက်သွယ်ရေးအချက်အလက်များနှင့် သက်ဆိုင်ရာဌာနများမှတစ်ဆင့် တရားဥပဒေအရ ရှင်းလင်းတင်ပြနိုင်ပါသည်။
၁) DTV visa application သည် သံရုံး၏ စိစစ်ဆုံးဖြတ်မှုအပေါ် အပြည့်အဝ မူတည်သော လုပ်ငန်းစဉ်ဖြစ်ပြီး၊ ဗီဇာရလဒ်ကို မည်သည့် Agent သို့မဟုတ် Service Provider မှ အာမခံပေးနိုင်ခြင်း မရှိပါ။ Visa Reject ဖြစ်ပါက သံရုံးဘက်ကလည်း ဗီဇာကြေး ပြန်မအမ်းသလို Agency ဘက်ကလည်း ဝန်ဆောင်ခငွေပြန်အမ်းခြင်း မရှိကြောင်းကို ဝန်ဆောင်မှုမအပ်နှံမီကတည်းက အသိပေးရှင်းလင်းထားပြီးဖြစ်ပါသည်။
၂) မွေထိုင်းကျောင်းအပ်နှံခြင်း သည် (၆) လစာအပ်နှံခြင်း ဖြစ်ကြောင်းကိုလဲ Service Information များနှင့် ကြော်ငြာစာများတွင် ရှင်းလင်းစွာ ဖော်ပြထားပြီးဖြစ်ပါသည်။ စွပ်စွဲပြောဆိုနေသူအား ဝန်ဆောင်မှု စတင် စုံစမ်းစဉ်ကတည်းက စာဖြင့်ပေးပို့ထားသော အချက်အလက်များတွင်လည်း ရှင်းလင်းစွာ ပါရှိပြီးဖြစ်ပါသည်။
၃) ကျောင်းဘက်မှ ပြန်အမ်းပေးသည့် ပြန်အမ်းငွေ ၁၁,၀၀၀ဘတ် အား ကျောင်းဘက်မှ တိုက်ရိုက်ပြန်လည်လွှဲပေးမည်ဟုပြောကြားခဲ့သော်လည်း ၎င်းဘက်က ပြန်အမ်းငွေလုပ်ငန်းစဉ်ကို လက်ခံဆောင်ရွက်ခြင်းမပြုဘဲ ၎င်းကိုယ်တိုင် ခေတ္တရပ်တန့်ထားခဲ့ပြီးနောက် “အခုကျွန်တော် DTV reject ဖြစ်သွားလို့ school fees ပြန်တောင်းတာမပေးပါဘူး” ဟု ၎င်းဘက်က လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန် ရေးသားဖော်ပြခဲ့ခြင်းဖြစ်ပါသည်။
၄) “အောင်ချက် ၈၀%” ဟူသောပြောဆိုချက်မှာ စွပ်စွဲပြောဆိုနေသူ ဝန်ဆောင်မှုအပ်နှံခဲ့သည့် ၂၀၂၆ ခုနှစ် မတ်လအတွင်း အမှန်တကယ် ဖြစ်ပေါ်ခဲ့သော DTV အောင်ချက် အခြေအနေကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး ၂၀၂၆ ဧပြီလ နောက်ပိုင်းကာလတွင် သံရုံးမူဝါဒ နှင့် စိစစ်မှုများ ပိုမိုတင်းကျပ်လာခြင်းကြောင့် ဗီဇာရလဒ်အပေါ် သက်ရောက်မှုများ ပြောင်းလဲဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်။
၅) ကျောင်းအပ်ငွေသွင်းပြေစာ နေ့စွဲကွဲလွဲမှုနှင့် ပတ်သက်သောစွပ်စွဲချက်သည် ကျွန်ုပ်တို့၏ ယခင်ထုတ်ပြန်ချက်တွင် (ဖျက်ပေးလိုက်ရသော facebook post) ကျောင်းအပ်ထားသော ပြေစာစလစ်အား 11 May 2026 အစား 11 April 2026 ဟူသော နေ့စွဲဖြင့် ပြင်ဆင်ထားသည့် ငွေသွင်းစာပါဝင်သွားခဲ့ကြောင်း ရုံးတွင်းစစ်ဆေးမှုအရ သိရှိခဲ့ပါသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်ဆေးခဲ့ရာ သက်ဆိုင်ရာဝန်ထမ်းတစ်ဦးမှ ကာစတန်မာအား ကြိုတင်အသိပေးခြင်းမရှိဘဲ မိမိဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်ခဲ့သော ရုံးတွင်းလုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီသည့် လုပ်ရပ်ဖြစ်ကြောင်း တွေ့ရှိခဲ့ပါသည်။
ဖြစ်စဉ်အမှန်မှာ သင်္ကြန်ပြီးကာလအတွင်း Soft Power category ဖြင့် ဗီဇာ ပယ်ချခံရမှုများ များလာသည့်အခြေအနေကြောင့် စွပ်စွဲပြောဆိုနေသူ၏ visa application အောင်မြင်နိုင်ခြေ ပိုမိုကောင်းမွန်စေရန် Digital Nomad category ဖြင့် ပြန်လည်ပြင်ဆင်တင်ပြနိုင်ရန် ကျွန်ုပ်တို့ဘက်မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
ထိုကာလအတွင်း ရုံးပိတ်ရက်များနှင့် စာရွက်စာတမ်းများပြောင်းလဲပြင်ဆင်မှုများကြောင့် application တင်သွင်းမှု နောက်ကျခဲ့သော်လည်း၊ ၁၁ မေ ၂၀၂၆ တွင် ကျောင်းအပ်နှံခြင်းကို ဆောင်ရွက်ပြီး ထိုနေ့တွင်ပင် Ho Chi Minh မြို့ရှိ ထိုင်းသံရုံး၏ e-Visa system မှတစ်ဆင့် application တင်သွင်းပေးခဲ့ခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အဆိုပါလုပ်ရပ်အား ခွင့်လွှတ်နိုင်သော လုပ်ရပ်အဖြစ် မသတ်မှတ်ဘဲ သက်ဆိုင်ရာ ရုံးတွင်းစည်းမျဉ်းစည်းကမ်းများအရ အရေးယူဆောင်ရွက်ပြီးဖြစ်ပါသည်။
သို့ရာတွင် အဆိုပါရုံးတွင်းလုပ်ထုံးလုပ်နည်းဆိုင်ရာ အမှားအယွင်းတစ်ခုကို အခြေခံ၍ “ကျောင်းစာရွက်စာတမ်းအတုဖြင့် သံရုံးတင်ခဲ့သည်” ဟု တိကျသောအထောက်အထားမရှိဘဲ လူမှုကွန်ရက်ပေါ်တွင် စွပ်စွဲဖော်ပြခြင်းသည် ကျွန်ုပ်တို့ကုမ္ပဏီ၏ ဂုဏ်သိက္ခာနှင့် စီးပွားရေးအကျိုးစီးပွားကို ပြင်းထန်စွာ ထိခိုက်စေနိုင်သော ပြောဆိုဖော်ပြချက်ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အဆိုပါအထင်လွဲမှုကိုဖြေရှင်းရန်ကြိုးပန်းခဲ့သည်ကိုလက်မခံပဲ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ၎င်းတို့၏နေအိမ်တွင် ဗီဇာကိစ္စအကြောင်းအဆွေးနွေးမခံဘဲ ခြိမ်းခြောက်မှုများသာပြုလုပ်ခဲ့ပါသည်။
၅။ ၎င်းတို့နေအိမ်ထဲတွင် ဖိအားပေးတောင်းဆိုခဲ့သောငွေအားပေးပြီးနောက် ဆက်လက်ဖြစ်ပေါ်နေသော လုပ်ရပ်များ
DTV ဗီဇာကိစ္စနှင့်စပ်လျဉ်း၍သာ ပြဿနာစတင်ခဲ့သော်လည်း ၎င်းတို့ဘက်မှ အတင်းအဓ္ဓမ နည်းဖြင့် ဘတ်ငွေ ၂၀၀,၀၀၀ (၂ သိန်း) အား ၎င်းတို့နေအိမ်ထဲတွင် ခြိမ်းခြောက်တောင်းယူခဲ့ပြီး လက်ရှိအချိန်ထိလည်း စွပ်စွဲပြောဆိုနေသူဘက်မှ လုပ်ရပ်များ ရပ်တန့်သွားခြင်းမရှိဘဲ အောက်ပါလုပ်ရပ်များ ဆက်လက်ကျူးလွန်နေဆဲဖြစ်ပါသည်။
၁) The Century Bangkok Co., Ltd. ၏ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်သော စာများ၊ post များ၊ comment များ ဆက်လက်တင်ခြင်း၊
၂) The Century Bangkok Co., Ltd. နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော Daw Nandar Ko @ Daw Christina Ko အား ခြိမ်းခြောက်၍ ထပ်မံ ဘတ် ၂သိန်း တောင်းခြင်း၊
၃) ရန်ကုန်ဘက်မှ ကြားခံညှိနှိုင်းပေးသူ လူကြီးအား ဖုန်းဖြင့် ထပ်မံဆက်သွယ်၍ ခြိမ်းခြောက်ဆက်ဆံခြင်း၊
၄) Daw Nandar Ko @ Daw Christina Ko ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လူမှုကွန်ရက်ပေါ်တွင် အများပြည်သူရှေ့သို့ တရားမဝင်စွာ ဖော်ပြခြင်း၊
၅) The Century Bangkok Co., Ltd. ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ ဝန်ထမ်းများနှင့် မိတ်ဖက်များကို လိုက်လံနှောင့်ယှက်ခြင်း၊
၆) မမှန်ကန်သော အချက်အလက်များကို အခြေခံ၍ ကုမ္ပဏီအပေါ် အများပြည်သူအထင်အမြင်လွဲမှားစေရန် ဆက်လက်ကြိုးပမ်းခြင်း၊
ကျွန်ုပ်တို့အနေဖြင့် ၎င်း၏ အဆိုပါလုပ်ရပ်များအား တစ်ခုချင်းစီ သက်သေမှတ်တမ်းများ ထားရှိပြီး စုစည်းသိမ်းဆည်းထားပါသည်။
၆။ ဖြစ်စဉ်အစအဆုံးအတွက် အထောက်အထားများ
၁) ဝန်ဆောင်မှုအပ်နှံမှုမတိုင်မီနှင့် အပ်နှံပြီးနောက် ဆက်သွယ်ပြောဆိုထားသော မက်ဆေ့ခ်ျမှတ်တမ်းများ၊
၂) Refund policy နှင့် reject ဖြစ်ပါက ပြန်အမ်းငွေမရှိကြောင်း ကြိုတင်အသိပေးထားသည့် အချက်အလက်များ၊
၃) ၆ လစာ မွေထိုင်းကျောင်းအပ်နှံခြင်းဖြစ်ကြောင်း ဖော်ပြထားသော ကြော်ငြာစာများနှင့် စာဖြင့်ပေးပို့ထားသော မှတ်တမ်းများ၊
၄) ကျောင်းဘက်မှ ပြန်အမ်းငွေ ၁၁,၀၀၀ ဘတ်နှင့်ပတ်သက်၍ ပြန်လည်ဆက်သွယ်ထားသော မှတ်တမ်းများ၊
၅) Application category ပြောင်းလဲပြင်ဆင်မှု၊ စာရွက်စာတမ်းများပြင်ဆင်မှုနှင့် ဗီဇာတင်သွင်းမှုအချိန်ဇယားများ၊
၆) 11 May 2026 တွင် ကျောင်းအပ်နှံခြင်းပြုလုပ်ပြီး Ho Chi Minh Thai Embassy e-Visa system ဖြင့် application အမှန်တကယ် တင်သွင်းထားသော မှတ်တမ်းများ၊
၇) လူမှုကွန်ရက်ပေါ်တွင် ၎င်း စွပ်စွဲဖော်ပြထားသော screenshots များ၊
၈) ရန်ကုန်ဘက်မှ ၎င်းတို့ဖိတ်ခေါ်မှုဖြင့် နေအိမ်သို့သွားရောက်ပေးသည့် ကြားခံညှိနှိုင်းပေးသူ၏ ဖုန်းမှတ်တမ်းများ ၊ ခေါ်ဆိုမှုမှတ်တမ်းများ၊
၉) ၎င်းတို့နေအိမ်ထဲတွင်း ဖိအားပေး၍ တောင်းခဲ့သောငွေအားပေးခဲ့ရသော မှတ်တမ်းများ ၊ သက်သေခံပေးနိုင်သူများ၊
၁၀) ဆက်လက်နှောင့်ယှက်မှုများနှင့်ပတ်သက်သော screenshots၊ ဖုန်းမှတ်တမ်းများ ၊ ခေါ်ဆိုမှုမှတ်တမ်းများ နှင့် သက်သေထွက်ဆိုချက်များ။
ကျွန်ုပ်တို့အနေဖြင့် အဆိုပါအထောက်အထားများအားလုံးကို သက်ဆိုင်ရာ တရားဥပဒေဆိုင်ရာ လမ်းကြောင်းများမှတစ်ဆင့် ဆက်လက် တင်ပြနိုင်ရန် စနစ်တကျ ထိန်းသိမ်းထားပါသည်။ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ တရားရေးအဖွဲ့အစည်းများနှင့် ဥပဒေရေးရာကိုယ်စားလှယ်များထံ ဆက်လက် တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၇။ နောက်ဆုံးအသိပေးချက်
ကျွန်ုပ်တို့ The Century Bangkok Co., Ltd. အနေဖြင့် မမှန်ကန်သော စွပ်စွဲချက်များ၊ အများပြည်သူအထင်အမြင်လွဲမှားစေသော ဖော်ပြချက်များ၊ လူမှုကွန်ရက်ပေါ်မှ ဖိအားပေးခြင်းများ၊ နှောင့်ယှက်ခြင်းများနှင့် တရားမဝင်သော လုပ်ရပ်များကျူးလွန်ခြင်းတို့ကို ကျွန်ုပ်တို့အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ပါ။
ဤထုတ်ပြန်ချက်သည် The Century Bangkok Co., Ltd. ၏ တရားဝင်ရှင်းလင်းထုတ်ပြန်ချက်ဖြစ်ပြီး၊ ဖြစ်စဉ်အမှန်ကို သိရှိစေရန်၊ မမှန်မကန်စွပ်စွဲမှုများကို တုံ့ပြန်ရန်နှင့် ကျွန်ုပ်တို့၏ တရားဝင်အခွင့်အရေးများကို ထိန်းသိမ်းရန် ထုတ်ပြန်ခြင်းဖြစ်ပါသည်။
လေးစားစွာဖြင့်၊
The Century Bangkok Co., Ltd.