10/10/2023
"ပုဆိန်"က မမှတ်မိပေမယ့်...သစ်ပင်ကတော့မမေ့ဘူး"
တစ်ခါတစ်ခါ လောကကြီးက အတော်စိတ်နာဖို့တော့ ကောင်းသား...။
လောကကြီးမှာ ပုဆိန်လိုလူတွေက ပြုံးနေနိုင်တယ်။
သူတို့လုပ်ခဲ့တဲ့လုပ်ရပ်တွေ ဘယ်လောက်ဆိုးဝါးလဲဆိုတာ တစ်စက်ကလေးမှတောင် နားလည်ပုံမပေါ်ဘဲ၊ အမှားလုပ်မိသူတွေအပေါ် (သစ်ပင်လိုလူတွေအပေါ်) နည်းနည်းလေးမှတောင် အားနာပုံမပေါ်ဘဲ ဘယ်လိုများ စိတ်သန့်သန့်နဲ့ နေနိုင်ရတာလဲ?
နောင်တရဖို့ မမျှော်လင့်ပေမဲ့ အားနာစိတ်လေး တစ်စက်တော့ ရှိသင့်တယ်မဟုတ်လား။
တကယ့်ကို စိတ်ရင်းနဲ့ အားနာဖို့တော့ ကောင်းတယ် မဟုတ်ဘူးလား....။
ငြိမ်နေတဲ့ရေကို ဂယက်ထအောင်လုပ်မိရင်
ကြည်နေတဲ့ရေကို နောက်အောင်လုပ်မိရင်....
သူ့ဘာသာသူ နေနေတဲ့ တစ်စုံတစ်ယောက်ကို ဒဏ်ရာတွေပေးမိရင် တစ်ချက်လေးတော့ စိတ်ရင်းနဲ့ အားနာသင့်တယ် မဟုတ်ဘူးလား....
ဘယ်လိုများ ဘာမှမဖြစ်သလို နေနိုင်ရတာလဲ။
ပုဆိန်က ဘယ်သိပါ့မလဲ။ သူက အသွားထက်ထက် ဘက်ကလူလေ။ ဘယ်မှတ်မိပါ့မလဲ။ သူ့လုပ်ရပ်တွေ ဘယ်လောက်ထိဆိုးဝါးခဲ့လဲ၊ တစ်ဖက်မှာ ဘယ်လောက်ထိ ဖြစ်ခဲ့ရလဲ၊ ပုဆိန်ကတော့ ဘယ်ခံစားမိပါ့မလဲ။
ဘယ်မှတ်မိပါ့မလဲ။
သစ်ပင်လိုလူတွေ အတွက်တော့ ဘယ်လောက်ပဲ သန်မာအောင် ပြန်တည်ဆောက်ပါစေ။ ဒဏ်ရာတွေကို အကျိုးရှိအောင် အသုံးချပါစေ။ ရင့်ကျက်အောင် နေနေပါစေ။ ဘာမှ မနာကျင်ရတော့ပါဘူးဆိုရင်တောင်မှ သစ်ပင်ကတော့ ဘယ်မေ့ပါ့မလဲ။ ဘာ အမုန်းတရား မကျေနပ်မှုတစ်စုံတစ်ရာ မရှိဘူးဆိုရင်တောင်မှ သစ်ပင်ကတော့ ဘယ်မေ့ပါ့မလဲ။ ထက်တဲ့အသွားတစ်ဖက် စူးနစ် ဝင်ခဲ့ရတာမှတ်လား။ ဝေဒနာကို ခံခဲ့ရသူ မှတ်လား.....။
လူတစ်ယောက်ယောက်ကို မတော်တဆ တက်နင်းမိရင်တောင် sorry လို့ ပြောရသေးတာ။ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တယ်ဆိုရင်တော့ ပိုအားနာသင့်တယ် မဟုတ်ဘူးလား။
အင်းလေ။
ပုဆိန် နဲ့ သစ်ပင် ဘယ်တူပါ့မလဲ။